Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (3.8.21)



🚩🚩🚩1. ကာကွယ်ဆေးက ၂ ကြိမ်လုံးထိုးပြီးပါပြီ။ Second dose ကာကွယ်ဆေးထိုးပြီး ၁ လကြာမှ COVID positive ဖြစ်တာပါ။ အဲ့ဒါ COVID vaccine ထပ်ထိုးဖို့လိုသေးလားရှင့်။

🚩🚩🚩 အသက်က ၆၈ နှစ် အမျိုးသားပါ။ COVID vaccine second dose ကို 5 လပိုင်းအကုန်မှာထိုးပြီးပါတယ်။ COVID positive က 13.7.21 မှာဖြစ်ပါတယ်။ အခုတော့ သက်သာနေပါပြီ။ အဲ့ဒါ COVID vaccine နောက်တစ်ကျော့ ပြန်ထိုးဖို့လိုလားရှင့်။

ဖြေ။  ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသော်လည်း အနည်းစုသောလူတွေ မှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကို “Vaccine breakthrough cases” လို့ခေါ်ပါတယ်။ မည်သည့် ကာကွယ်ဆေးမဆို ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို လူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ၊ ကိုယ်ခံအားစနစ် စတာတွေအပေါ်မူတည်ပြီး Breakthrough infection တွေရှိတတ်ပါတယ်။ ထို့အပြင် ဗိုင်းရပ်စ်ပိုး မျိုးကွဲများကြောင့်လည်း ရောဂါပိုးကူးစက်ခံရခြင်းများ ဖြစ်နိုင်ပါတယ်။

- လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါတယ်။

👉 ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများ လျော့ကျ စေခြင်း၊

👉 ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းနှင့် အခြားသူများကို ကူးစက်စေခြင်းများ လျော့ကျခြင်း၊

👉 ကိုဗစ်-၁၉ မျိုးကွဲများမှ ကာကွယ်ပေးခြင်း၊

မေးခွန်းများအရ ကိုဗစ်ကူးစက်ခံရသူ ၂ ဦးလုံးမှာ ပြင်းထန်သော လက္ခဏာများ ခံစားခဲ့ရခြင်း မရှိဟု တွေ့ရပါတယ်။ ကာကွယ်ဆေးကို နောက်တစ်ကျော့ ထပ်မံထိုးရန် မလိုအပ်ပါ။ ကာကွယ်ဆေးအများစုမှာ ဗိုင်းရပ်စ်မျိုးကွဲများကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်သည်ဆိုသော်လည်း ၎င်းတို့ကြောင့် ကူးစက်ခံရခြင်းများ ဖြစ်နိုင်သဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ 

🚩🚩🚩2. အခုစကစမှ တရုတ်ကာကွယ်ဆေးကိုထိုးပေးလျှင် ထိုးသင့်ပါသလား။

🚩🚩🚩 အာဏာသိမ်းကတည်းက ကာကွယ်ဆေးတွေကို သပိတ်မှောက်ခဲ့တော့ အခု Flu ထိုးထားပြီး တော်လှန်ရေးအောင်မြင်မှ covid ကာကွယ်ဆေးထိုးလျှင် အဆင်ပြေနိုင်ပါသလား။

🚩🚩🚩 ဟုက်ကဲ့ အခုကာကွယ်ဆေးတွေထိုးပေးနေတာထိုးသင့်လားဗျာ

ဖြေ။ ကာကွယ်ဆေးထိုးသင့်လားမေးခွန်းနှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်မှ မေးခွန်း ၄ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/120773516941570 

တုပ်ကွေးကာကွယ်ဆေး (Flu vaccine) မှာ တုပ်ကွေးရောဂါကိုသာ ကာကွယ်နိုင်မည်ဖြစ်ပြီး ကိုဗစ်ရောဂါကို ကာကွယ်နိုင်ခြင်း မရှိပါ။ 

🚩🚩🚩3. စကစ က အခုထိုးပေးနေတဲ့ Covid ကာကွယ်ဆေး ကို ၆၅နှစ်အရွယ် အမေ့ ကို ထိုးပေးချင်တယ်။ အမေကတော့Aspirin/Ascot 81 mgနံက် ၁ လုံးFebo G 40 mg နံက် ၁Atavatatin 10 mgညနေ ၁ လုံးCardivas 3့125 ည ၁ဒီဆေးတွေသောက်နေတာပါ နှလုံးသမားပါ။ ဈေးကွက်ထဲ မှာ Covaxin ရှိတယ်လို့တော့ပြောတယ်။ ကျွန်တော် လိုက်ရှာတာပဲ ဘယ်ဆေးရုံ Lab မှာ မှမရှိဘူးတဲ့။ အရေးပေါ် အခြေအနေ ကြောင့် စကစ ထိုးပေးတဲ့ တရုတ်ဆေးထိုးလို့ ရပါသလားခင်ဗျ။ ပြီးတော့ စကစ ထိုးပေးတဲ့ ဆေးအမျိုးအစားလေး သိရင်ပြောပြပေးပါခင်ဗျ။

🚩🚩🚩 ကိုဗစ်ကာကွယ်ဆေးကအခုထိုးပေးနေတာ ဘာနာမည်လဲ။ ဘယ်နိုင်ငံကထုတ်တာလဲ?

🚩🚩🚩 စကစ က အခုထိုးပေးနေတဲ့ Covid ကာကွယ်ဆေး ကို ၆၅နှစ်အရွယ် အမေ့ ကို ထိုးပေးချင်တယ်။ စကစ ထိုးပေးတဲ့ တရုတ်ဆေးထိုးလို့ ရပါသလားခင်ဗျ။ ပြီးတော့ စကစ ထိုးပေးတဲ့ ဆေးအမျိုးအစားလေး သိရင်ပြောပြပေးပါခင်ဗျ။

ဖြေ။ ယခုထိုးနေသာ ကာကွယ်ဆေးအမျိုးအစားနှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်မှ မေးခွန်း ၄ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/120773516941570 

အသက် ၆၅ နှစ်အထက်ရှိသူများတွင် ကာကွယ်ဆေးထိုးရမည့်ကိစ္စနှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်မှ မေးခွန်း ၂ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/120754490276806  

Covaxin ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသိအမှတ် ပြုထားခြင်း မရှိသေးပါ။ ၎င်းဆေးအကြောင်းကို  ဖော်ပြပါပိုစ့်မှ မေးခွန်း ၂ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/110519997966922 

🚩🚩🚩4. ဆင်တုတ်ကွေးကြောင့် HCQs နဲ့ methylprednisolone 6mg ကို daily သောက်နေရပါတယ်ရှင့်၊ ကို‌ဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် အဲ့ဆေးတွေကို ခနရပ်ထားရမလားရှင့်၊ ရပ်ရင်လဲ ဘယ်နရက်လောက်ထိရပ်ထားဖို့လိုမလဲ သိပါရစေ၊ အဲ့ဆေးတွေက Immunosuppressants တွေအဖြစ် သိထားလို့ပါ။ 

 ဖြေ။ ကိုယ်ခံအားလျော့နည်းစေသောဆေးများကြောင့် ကာကွယ်ဆေးပေါ်တွင် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ အများအားဖြင့် ကိုယ်ခံအားနည်းနေသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်စွာခံစားရနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အကြံပြုထားပါတယ်။ သို့ရာတွင် မူလရောဂါ၏ အခြေအနေ၊ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်နှင့် ကာကွယ်ဆေးမထိုးခြင်းကြောင့် ကြုံရနိုင်သည့် အန္တရာယ်များကို ချိန်ဆနှိုင်းယှဉ်ပြီးမှသာ ကာကွယ်ဆေးထိုးသင့်မထိုးသင့်၊ ကိုယ်ခံအားလျော့နည်းစေသောဆေးများ ရပ်သင့်/မသင့် စဉ်းစားရမည် ဖြစ်သဖြင့် ကုသမှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုပါတယ်။  ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။

🚩🚩🚩5. ခု sinopharmထိုးမယ့်ဟာသူ၂လုံးစလုံးပေါ့။ သူကdeltaမနိုင်ဘူး။ သိပ်မကြာဘူး။ နောက်တစ်လလောက်နေရင် deltaနိုင်တဲ့တခြားအမျိုးအစားထိုးရသလား။ ဘယ်လောက်ကြာမှ တခြားအမျိုးအစားထိုးသင့်ပါသလဲ။ 

ဖြေ။ Sinopharm ကာကွယ်ဆေး အပါအဝင် ယခုလက်ရှိ အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကို ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲများအတွက် ကာကွယ်နိုင်ရန် ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ သို့သော်  Sinopharmကာကွယ်ဆေးကို ၎င်းမျိုးကွဲများပေါ်၌ အာနိသင်ရှိမှု ပမာဏနှင့် ပတ်သက်၍  လေ့လာနေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။ 

🚩🚩🚩6. ဟုတ်ကဲ့ပါ ဆာလဖာ ဆီဖလင်ဓာတ်မတည့်ပါဘူး၊ သွေးယိုစီးမှုလည်း ဖြစ်ဖူးပါတယ်။ ကာကွယ်ဆေး ထိုးသင့်/ မထိုးသင့် သိချင်ပါတယ်။

ဖြေ။ - မိမိတွင် ဓာတ်မတည့်ခြင်း တစ်ခုခု ဖြစ်ဖူးခြင်း (သို့မဟုတ်) သွေးရောဂါတစ်ခုခုရှိခြင်းသည် ကာကွယ်ဆေးမထိုးသင့်ဘူးဟူ၍ ဆိုလိုခြင်း မဟုတ်သည်ကို သိရပါမည်။

- သို့သော် ကာကွယ်ဆေးမထိုးခင်တော့ ထိုအရာများကို ကျန်းမာရေးဝန်ထမ်းများကို ဦးစွာ ပြောပြထားရန် လိုအပ်ပါသည်။ ကာကွယ်ဆေးထိုးထားပြီးလျှင်လည်း ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်း ရှိ/မရှိ သေချာစောင့်ကြည့်ဖို့ လိုအပ်ပါသည်။ (ဓာတ်မတည့်ခြင်းလက္ခဏာများကို အောက်ရှိ မေးခွန်း ၁၀ တွင် ဖော်ပြထားပါသည်)

- သွေးရောဂါရှိသူများအတွက် သတိထားရမည့်အချက်ကို အောက်ရှိ မေးခွန်း ၉ တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

🚩🚩🚩7. Sputnik V ကာကွယ်ဆေးအကြောင်း သိချင်ပါတယ်။

ဖြေ။ - ဗိုင်းရပ်စ်ပိုး သယ်ဆောင်သောပိုး (viral vector) မှတစ်ဆင့် ထုတ်လုပ်ထားသော #SputnikV ခေါ် Gam-Covid-Vac ကာကွယ်ဆေးကို ရုရှားနိုင်ငံရှိ Gamaleya Research Institute of Epidemiology and Microbiology အဖွဲ့အစည်းမှ ထုတ်လုပ်ပြီး အပူချိန် 2-8⁰C တွင် cold chain ဖြင့် သိုလှောင်ထားရှိရပါသည်။ ကမ္ဘာပေါ်ရှိ ကိုဗစ်ကာကွယ်ဆေး Viral vector vaccine များထဲတွင် အစောဆုံး မှတ်ပုံတင်ထားသော ကာကွယ်ဆေးတစ်ခုလည်း ဖြစ်ပါသည်။

- အခြား Viral vector vaccine များဖြစ်ကြသော Oxford-AstraZeneca နှင့် Johnson & Johnson တို့နှင့် မတူသည့် အချက်မှာ Sputnik V တွင် Adenovirus ခေါ် တုပ်ကွေးရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးရဲ့ မတူညီသည့် viral vector နှစ်မျိုးကို သုံးပြီး တစ်ခုစီကို ပထမ dose (Adenovirus vector 1 – AD26) နှင့် ဒုတိယ dose (Adenovirus vector 2 – AD5) အနေဖြင့် ၂၁ ရက်ခြားကာ ၂ ကြိမ်ထိုးရပါသည်။ (မှတ်ချက်။ ဗိုင်းရပ်စ်တွေကို နည်းပညာသုံးကာ မျိုးဗီဇပြုပြင်ထားတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးထပ်မံပွားများတာ၊ ရောဂါဖြစ်စေတာတွေ မရှိတော့ပါ)

- Sputnik V ၏ ရောဂါကာကွယ်နိုင်စွမ်းမှာ 91.6% ရှိပြီး ရောဂါပြင်းထန်မှုကို 100% လျှော့ချနိုင်သည်ဟု တွေ့ရပါသည်။ (လက်ရှိဖြစ်ပွားနေတဲ့ ဒယ်လ်တာ (Delta) မျိုးကွဲကိုတော့ 90% ကာကွယ်နိုင်သည်ဟု ဆိုပါသည်)

- Sputnik V ကို အသက် ၁၈ နှစ်မှစ၍ ထိုးနှံနိုင်ပါသည်။ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များအတွက်မူ ထိုးသင့်/ မထိုးသင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ချိန်ဆရပါမည်။

- လက်ရှိ ကိုဗစ်ရောဂါခံစားနေရသူများ၊ ဖျားနေသူများ၊ ကာကွယ်ဆေးရှိ ပါဝင်ပစ္စည်းများနှင့် မတည့်သူများ မထိုးရပါ။ (ပထမအကြိမ်ထိုးပြီး ဆိုးရွားစွာ ဓာတ်မတည့်မှုဖြစ်ပါက ဒုတိယအကြိမ် မထိုးသင့်ပါ)

- ဘေးထွက်ဆိုးကျိုးများအနေဖြင့် ဆေးထိုးသည့်‌နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ နုံးခြင်း၊ အရေပြားတွင် အနီစက်ထွက်ခြင်းတို့ ရှိနိုင်ပါသည်။

- Sputnik V ကို ကမ္ဘာ့နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် အသုံးပြုနေပေမယ့် WHO ၏ အသိအမှတ်ပြုထောက်ခံချက် (approval) ရရှိရန် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

🚩🚩🚩8. အိမ်ထောင်သည် ကလေးယူနေသူဖြစ်ပါတယ်ရှင့်။ ကာကွယ်ဆေးထိုးရင် နှစ်နှစ်လောက် ကလေးမရနိုင်ဘူး ဆိုတာ မှန်ပါသလား ရှင့်။

ဖြေ။ - မမှန်ပါ။ လက်ရှိ ကိုဗစ်ကာကွယ်ဆေးများကြောင့် မျိုးပွားအင်္ဂါအဖွဲ့အစည်းကို မထိခိုက်နိုင်ပါ။

- ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင် ကိုဗစ်ကာကွယ်ဆေးမထိုးမီ မိမိထိုးမည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားကို ထိုးလို့ ရ/ မရ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ဆွေးနွေးရပါမည်။

🚩🚩🚩9. လက်ရှိ Warfarin သောက်နေရတဲ့ အသက် ၇၅ နှစ်အရွယ်မှာ လက်ရှိ ထိုးပေးနေတဲ့ ကာကွယ်ဆေးထိုးလို့မရဘူးလို့ ထိုးပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဘယ်ဆေးကို ရွေးချယ်ထိုးရမလဲ ရှင့်။ 

ဖြေ။ - သွေးမတိတ်သော ရောဂါ (သို့မဟုတ်) Warfarin၊ Aspirin၊ Clopidogrel ကဲ့သို့ သွေးကျဲဆေးများ သောက်နေရသူများတွင် ကိုဗစ်ကာကွယ်ဆေး မထိုးမီ မိမိရောဂါအကြောင်းကို ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ကာကွယ်ဆေး ထိုးရပါမည်။

- ထိုသူတို့တွင် ကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးသည့်နေရာတွင် သွေးထွက်ခြင်း (သို့မဟုတ်) သွေးခြေဥခြင်းတို့ ဖြစ်နိုင်သဖြင့် တစ်ဦးချင်းစီ၏ လက်ရှိရောဂါအခြေအနေပေါ် မူတည်၍ ကာကွယ်ဆေးထိုးလို့ ရ/မရ ကွာခြားနိုင်ပါသည်။

🚩🚩🚩10. ကာကွယ်ဆေး ထိုးပြီးပြီးချင်း ဘာတွေ ရှောင်ရလဲ ခင်ဗျ။ 

ဖြေ။ #ကာကွယ်ဆေးမထိုးမီတွင်

👉 ကောင်းစွာ အနားယူပြီး ကျန်းမာစွာ ရှိနေဖို့ လိုအပ်ပါတယ်။ (နေမကောင်းဖြစ်နေပါက ကာကွယ်ဆေးထိုးဖို့ မသင့်ပါ)

👉 ရောဂါအခံရှိလျှင်သော် လည်းကောင်း၊ စွဲသောက်နေသည့်ဆေး ရှိလျှင်သော် လည်းကောင်း ကျန်းမာရေးဝန်ထမ်းများကို ဦးစွာ အသိပေးပါ။

#ကာကွယ်ဆေးမထိုးမီနှင့် #ထိုးပြီးပြီးချင်းတွင်

👉 အာဟာရပြည့်ဝစေမည့် အစားအစာ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို မျှတအောင် စားပါ

❌ အရက်သောက်ခြင်းကို ရှောင်ကြဥ်ရပါမည် (ရေဓာတ်ခန်းခြောက်စေသည့်အပြင် ပျို့အန်ခြင်းကို ပိုဆိုးစေသောကြောင့် ဖြစ်ပါတယ်)

❌ တစ်ခါမှ မစားဖူးသော အစားအစာကို စမ်း၍ စားကြည့်ခြင်း၊ တစ်ခါမှ မသုံးဖူးသော အလှကုန်ပစ္စည်းကို စမ်း၍ သုံးကြည့်ခြင်း ရှောင်ကြဥ်ရပါမည် (ဓာတ်မတည့်ခြင်းဖြစ်ပါက ထိုအရာများကြောင့်လား၊ ကာကွယ်ဆေး‌ကြောင့်လား ခွဲခြားရခက်သောကြောင့် ဖြစ်ပါတယ်)

#ကာကွယ်ဆေးထိုးပြီးချိန်တွင်

👉 ဆေးထိုးပေးသည့် ကျန်းမာရေးဌာန၌ မိနစ် ၃၀ မျှ ထိုင်နေပြီး စောင့်ကြည့်ခံရန် လိုအပ်ပါသည်။ (ကာကွယ်ဆေးနှင့် ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်သည့် သွေးပေါင်ချိန်ရုတ်တရက်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ခန္ဓာကိုယ်အနှံ့ယားယံခြင်း၊ အနီကွက်ထခြင်း၊ မျက်နှာရောင်ကိုင်းခြင်းစသည်တို့ ပေါ်ပေါက်ပါက အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် ဖြစ်ပါတယ်)

👉 ကာကွယ်ဆေးထိုးသည့် နေရာကို မရောင်ကိုင်းစေရန်နှင့် နာကျင်မှုလျော့စေရန် ရေခဲအုံပေးနိုင်ပါသည်။

👉 လိုအပ်ပါက တစ်ရက် နှစ်ရက်မျှ နေအိမ်တွင် ကောင်းစွာ အနားယူပါ။ အိပ်ရေးဝအောင် အိပ်ပါ။

❌ ပြင်းထန်သော ကိုယ်ကာယလေ့ကျင့်ခန်းများ (ဥပမာ - ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ အလေးမခြင်း၊ ဘောလုံးကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘော်လီဘောပုတ်ခြင်းစသည်) နှင့် အားစိုက်ထုတ်ရသော အလုပ်များကို ကာကွယ်ဆေးထိုးပြီး ၇ ရက်အတွင်း ရှောင်ကြဥ်ပါ။

#CovidVaccine

#ckc #covid19_knowledge_centre #nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...