🚩🚩🚩1. indiaနိူင်ငံထုတ် covid shield တံဆိပ်ကာကွယ်ဆေးကိုအပြင်ဆေးဆိုင်တွေမှာရောင်းချတာတွေ့ခဲ့ပါတယ်။ အဲ့ဆေးက ရေခဲမှတ်အောက်မှာသိမ်းဆည်းထားမှ အရည်အသွေးပြည့်ဝတယ်ကြားဖူးလို့။ ဆိုင်တွေကဒီတိုင်းကောင်တာထဲထည့်ရောင်းထားတဲ့ဆေးကိုဝယ်ပြီးထိုးရင် ထိရောက်ပါ့မလားဆရာ။ covid shieldရဲ့ storageလုပ်ရမယ့်အချက်ကိုလည်းဗဟုသုတအဖြစ်သိချင်ပါတယ်။
💉ဖြေ။ အဖုံးမဖွင့်ရသေးသော Covishield ကာကွယ်ဆေးကို #အပူချိန် ၂ ဒီဂရီမှ ၈ ဒီဂရီ ဆဲစီးယပ်စ် ရှိသော ရေခဲသေတ္တာတွင်ထား၍ သိမ်းဆည်းထားပါက စတင်ထုတ်လုပ်သည့်ရက်မှ သက်တမ်း ၆ လ အထိ အသုံးပြုနိုင်ပါတယ်။ Covishield ကာကွယ်ဆေးကို #ရေခဲမှတ်အောက်တွင်အေးခဲစေ၍သိမ်းဆည်းခြင်းလုံးဝမပြုလုပ်ရပါ။ သိမ်းဆည်းရာတွင် ကာကွယ်ဆေးပုလင်းကို အတည့်ထောင်ထားပြီး သိမ်းဆည်းရပါမယ်။ ဆေးထိုးခါနီးအချိန်မှသာ ကာကွယ်ဆေးကို ရေခဲသေတ္တာမှ ထုတ်ယူပြီး သတ်မှတ်ထားသော အပူချိန် (၂ ဒီဂရီမှ ၈ ဒီဂရီ ဆဲစီးယပ်စ်) ကိုကောင်းစွာထိန်းနိုင်သော ရေခဲပုံးများဖြင့် သယ်ဆောင်၍ ထိုးနှံရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို နေရောင်တိုက်ရိုက် မထိရပါ။ အဖုံးဖွင့်ပြီးသော ကာကွယ်ဆေးကို အခန်းအပူချိန်တွင် စုစုပေါင်းကြာချိန် ၆ နာရီထိသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဖုံးဖွင့်ပြီးနောက် မကုန်သေးသော ကာကွယ်ဆေးကို ရေခဲသေတ္တာထဲတွင် ပြန်လည်သိမ်းဆည်း၍ စုစုပေါင်းကြာချိန် ၄၈ နာရီထိ အသုံးပြုနိုင်ပါတယ်။ အကယ်၍ အခန်းအပူချိန်တွင် ၄ နာရီထားပြီးဖြစ်ပါက ရေခဲသေတ္တာတွင် ပြန်လည်ထား၍ နောက်ထပ် ၄၄ နာရီအတွင်း အသုံးပြုနိုင်ပါတယ်။ ရေခဲသေတ္တာထဲတွင် စုစုပေါင်းကြာချိန် ၄၈ နာရီထက်ကျော်လွန်သည်အထိ သိမ်းဆည်းထားသော အဖုံးဖွင့်ပြီးသား ကာကွယ်ဆေးများကိုမူ စနစ်တကျ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ အထက်ပါဖော်ပြချက်များကို ကာကွယ်ဆေးထိန်းသိမ်းခြင်း၊ ထိုးနှံခြင်း သင်တန်း တက်ရောက်ပြီးသူများသာ ကောင်းမွန်စွာ ကိုင်တွယ်သုံးစွဲနိုင်ကြတာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက အအေးထိန်းစနစ် (Cold chain) ပျက်ယွင်းမှုကြောင့် ကာကွယ်ဆေးအာနိသင်များ ဆုံးရှုံးရနိုင်ပါတယ်။ ထိုကဲ့သို့ အခက်အခဲများကြောင့် ကာကွယ်ဆေးကို အဖုံးဖွင့်ပြီးပါက သတ်မှတ်ထားသော ကာကွယ်ဆေးထိုးချိန် (One Session- One vial စနစ်ဖြင့်) အတွင်း၌သာ အသုံးပြုရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ကာကွယ်ဆေးများအတွက် သတ်မှတ်ထားသော အပူချိန်တွင်ထား၍ သိုလှောင်ထားမှု မရှိခြင်း၊ စနစ်တကျ သယ်ယူမှု မရှိခြင်း၊ ဆေးထိုးစဉ်တွင် ကာကွယ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များကို စနစ်တကျလိုက်နာမှု မရှိခြင်း စသည်တို့ရှိပါက ကာကွယ်ဆေးအာနိသင်များ ပျက်ပြယ်နိုင်ပါတယ်။
Ref: http://www.bccdc.ca/.../AstraZeneca_Storage_Thawing_Use.pdf
🚩🚩🚩2. 1st dose ကို sinopharmထိုးပီး 2nd doseကို sinovacထိုးလျှင် ရောဂါကာကွယ်နိုင်ပါသလား။ ဆေးသက်ရောက်မှုအောင်မြင်ပါသလား။ ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်ပါလဲရှင်။
💉ဖြေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက #တူညီသောကာကွယ်ဆေးတစ်မျိုးတည်းကိုသာ အကြိမ်ပြည့်ထိုးနှံကြရန် အကြံပြုထားပါတယ်။
#Sinopharm (BBIBP-CorV) ကာကွယ်ဆေးကို တရုတ်နိုင်ငံ၊ Beijing Institute of Biological Products Co-Ltd မှ ထုတ်လုပ်ထားပြီး #Sinovac (CoronaVac) ကာကွယ်ဆေးကို တရုတ်နိုင်ငံ၊ Sinovac Biotech Ltd. မှ ထုတ်လုပ်ထားပြီး ကာကွယ်ဆေးနှစ်မျိုးလုံးမှာ ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင် (Inactivated virus) ပြုလုပ်၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးများဖြစ်ကြပါတယ်။
ကာကွယ်ဆေးထုတ်လုပ်သည့် ပညာရှင်များမှာ ၎င်းတို့ သက်ဆိုင်ရာ ကာကွယ်ဆေးများအလိုက်သာ သုတေသနပြုလေ့လာထားခြင်း ဖြစ်သဖြင့် ပေါင်းစပ်ထိုးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါကာကွယ်နိုင်စွမ်း၊ အာနိသင်၊ ဆိုးကျိုးများနှင့် ပတ်သက်၍ သိပ္ပံနည်းကျအချက်အလက်များ ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကာကွယ်ဆေးမထိုးမီ မိမိတို့ထိုးမည့် ကာကွယ်ဆေးနှင့် ပတ်သက်၍ ကြိုတင်လေ့လာရန်လိုပြီး #တူညီသောကာကွယ်ဆေးတစ်မျိုးတည်းကိုသာ အကြိမ်ပြည့်ထိုးနှံကြရန် လိုပါတယ်။
🚩🚩🚩3. Covidshield ဆေးထိုးပြီး ဘယ်လောက်ကြာရင် antibody ထွက် မထွက် သိနိုင်သလဲ။ဘယ်လိုစစ်နိုင်ပါသလဲ ခင်ဗျာ။
💉ဖြေ။ အဖြေများကို https://www.facebook.com/ckcmohnugmm/posts/121214030230852 မေးခွန်း ၈ နှင့် https://www.facebook.com/ckcmohnugmm/posts/116653550686900 တို့တွင် ဖတ်ရှုစေလိုပါတယ်။
🚩🚩🚩4. ကိုဗစ်ရောဂါလက္ခဏာပျောက်ကင်းပြီးရင် တပတ်ကြာရင် ကာကွယ်ဆေးထိုးလို့ရတယ်ဆိုတာ နောက်ဆက်တွဲ ခံစားရတဲ့ သွေးပေါင်ကျတာ၊ နှလုံးခုန်မြန်တာတွေရော အကုန်သက်သာမှထိုးလို့ရတာလား။ အခုက Day 40 လောက်ရှိပါပြီ။ တခါတရံသွေးပေါင်ကျတာကလွဲလို့ တော်တော်သက်သာနေပြီမို့ ကာကွယ်ဆေးထိုးလို့ ရ/မရ သိချင်ပါတယ်။
💉ဖြေ။ ကိုဗစ်ရောဂါခံစားရသူများတွင် မည်သည့်အချိန်၌ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ကြောင်းနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/113457701006485 မေးခွန်း ၂ တွင် ကျေးဇူးပြု၍ ဖတ်ပေးပါ။
အကယ်၍ ကိုဗစ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်သော ခန္ဓာကိုယ် အင်္ဂါစနစ်များစွာ၌ ရောင်ရမ်းခြင်း ရောဂါစု ခံစားရခြင်း ရှိပါက ၎င်းရောဂါမှ သက်သာလာပြီးချိန်အပြင် ရောဂါစု လက္ခဏာများ စတင် ခံစားရပြီးနောက် ရက်ပေါင်း ၉၀ နောက်ပိုင်းမှသာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က အကြံပြုထားပါတယ်။ ၎င်းရောဂါစု၏ လက္ခဏာများအနေဖြင့် ကိုယ်ပူတက်ခြင်းနှင့်တွဲ၍ ဗိုက်အောင့်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဝမ်းပျက်/လျှောခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ လည်ပင်းနာခြင်း၊ အရေပြားတွင် နီရဲခြင်း၊ အန်ခြင်းတို့ တစ်ခုမဟုတ် တစ်ခု ခံစားရနိုင်ပါတယ်။ အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ် ကြာရှည်အောင့်ခြင်း/လေးလံခြင်း၊ သတိလွတ်ခြင်း၊ လှုပ်နှိုး၍မရခြင်း၊ မှိန်းနေခြင်း၊ အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းခွံများ ဖျော့တော့ခြင်း၊ အရောင်မှိန်ခြင်း၊ ပြာနှမ်းခြင်း၊ သို့မဟုတ် ရောဂါဆိုးရွားလာသည်ဟု ထင်မြင်ခြင်းများ ရှိပါက ကုသမှု အမြန်ဆုံးခံယူရမှာ ဖြစ်ပါတယ်။
🚩🚩🚩5. ကိုဗစ်ကာကွယ်ဆေးက 6 လပဲအာနိသင်ရှိတယ်ဆိုတာ ဟုတ်ပါသလားရှင့်။
💉ဖြေ။ ကိုဗစ်ကာကွယ်ဆေးများမှာ အသစ်ရှာဖွေဖော်ထုတ်ထားသော ကာကွယ်ဆေးများဖြစ်သဖြင့် ၎င်းတို့၏ အာနိသင် မည်မျှခံမည်ကို အတိအကျ မပြောနိုင်သေးဘဲ သုတေသနပြု လေ့လာနေဆဲ ဖြစ်ပါတယ်။
🚩🚩🚩 6. ဟုတ်ကဲ့ ကိုဗစ်ကာကွယ်ဆေးအား ကျပ်၂၀၀၀၀ဖြင့် အပြင်မှာထိုးပေးနေသည်ဟုသိရှိရပါသည်။ ဖြစ်နိုင်မဖြစ်နိုင်သိရှိပါရစေ။ စစ်မှန်သောဆေးဟုတ်နိုင်၊ မဟုတ်နိုင်အကြံပြုပေးစေလိုပါတယ်။
ဖြေ။ ယခုကဲ့သို့ စစ်တပ်မှ ပြည်သူ့အာဏာကို မတရားသိမ်းယူထားသောကြောင့် ယခင်ပြုလုပ်နေကြဖြစ်သော ဆေးဝါးများ၏ အရည်အသွေးနှင့် ပတ်သက်၍ စနစ်တကျ စစ်ဆေးထိန်းချုပ်မှု မပြုလုပ်နိုင်သည့် အချိန်မျိုးတွင် ကာကွယ်ဆေးအတုကဲ့သို့သော ဆေးအတုကိစ္စများ ဈေးကွက်ထဲ ဝင်ရောက်မှု ပိုမိုများပြားနိုင်သဖြင့် အထူးသတိထားရန်လိုပါတယ်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အမျိုးအစားအလိုက် အိန္ဒိယ ရူပီးငွေ ၇၀၀ မှ ၁၅၀၀ ခန့် (မြန်မာငွေ ၁၅၀၀၀ မှ ၃၅၀၀၀ ကျပ်ခန့်) ကျသင့်ကြောင်း တွေ့ရပါတယ်။ စစ်မှန်သော ကာကွယ်ဆေးဖြစ်နိုင်၊ မဖြစ်နိုင်ကို ကျသင့်ငွေ တန်ဖိုးတစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်သော်လည်း ယေဘုယျအားဖြင့် ပုံမှန်ထက် ဈေးပေါသော ကာကွယ်ဆေးများမှာ ဆေးအတုများ ဖြစ်နိုင်ခြေများပါတယ်။ ကာကွယ်ဆေးအတုများ၌ ပုံမှန်ပါဝင်ရမည့်ဆေးပမာဏထက် များလွန်းနေခြင်း သို့မဟုတ် နည်းလွန်းနေခြင်း၊ အခြားပါဝင်ပစ္စည်းများ ပါရှိနေခြင်း၊ ဆေးပုလင်းတွင် ဖော်ပြထားသော အညွှန်းများ မပြည့်စုံခြင်း သို့မဟုတ် လုံးဝ မပါရှိခြင်း၊ သက်တမ်းကုန်ဆုံးရက် ကျော်လွန်နေခြင်း သို့မဟုတ် လုံးဝ မပါရှိခြင်း၊ မည်သို့သိမ်းဆည်းရမည်နှင့် ပတ်သက်၍ ဖော်ပြမထားခြင်း၊ ထုပ်ပိုးမှု သပ်သပ်ရပ်ရပ်မရှိခြင်း၊ အညွှန်းများတွင် စာလုံးပေါင်းအမှားနှင့် သဒ္ဒါအထားအသို အလွဲအမှားများ ရှိခြင်းတို့ ရှိနေနိုင်ပါတယ်။ ထို့ပြင် စစ်မှန်သော ကိုဗစ်ကာကွယ်ဆေးဟုတ်၊ မဟုတ်ဆိုသည်မှာ အသုံးပြုသော ကာကွယ်ဆေးအမျိုးအစား၊ တင်သွင်းသော ကုမ္ပဏီ၊ ဆေးထိုးပေးမည့် ဆေးရုံဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ချယုံကြည်နိုင်မှု စသည်တို့ပေါ် မူတည်၍ ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။
Ref: https://www.gavi.org/.../how-can-i-spot-fake-covid-19...
🚩🚩🚩7. အမေက ၆၅နှစ်ကျော်ပါပြီရှင့်။ ၅လပိုင်းတုန်းက covishield ကိုနှစ်ကြိမ်ထိုးပြီးပါပြီရှင့်။
မနေ့က sinopharm ကိုနောက်တစ်ကြိမ်ထပ်ထိုးလိုက်ပါတယ်ရှင့်။ အဲဒါအန္တရာယ်ရှိလားရှင့်။ လေးကြိမ်မြောက်ရောထပ်ထိုးဖို့လိုလားရှင့်။
💉 ဖြေ။ ကာကွယ်ဆေးတစ်မျိုးကို သတ်မှတ်ထားသော ကာလအတွင်း အကြိမ်ပြည့်ထိုးနှံပြီးပါက အခြားကာကွယ်ဆေးများ ထပ်မံ မထိုးနှံသင့်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း တူညီသော ကာကွယ်ဆေးတစ်မျိုးတည်းကိုသာ အကြိမ်ပြည့်ထိုးနှံကြရန် အကြံပြုထားပါတယ်။ #Covishield ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India Pvt Ltd မှ ထုတ်လုပ်ထားပြီး ဗိုင်းရပ်စ်ပိုး သယ်ဆောင်သောပိုး (viral vector) မှတဆင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်ပါတယ်။ #Sinopharm ကာကွယ်ဆေးကို တရုတ်နိုင်ငံ၊ Beijing Institute of Biological Products Co-Ltd မှ ထုတ်လုပ်ထားပြီး ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင် (Inactivated virus) ပြုလုပ်၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်ပါတယ်။ ယခုဖြစ်စဉ်ကဲ့သို့ Covishield နှစ်ကြိမ်ပြည့်ထိုးပြီးနောက် Sinopharm ဆေးထိုးခြင်းနှင့် ပတ်သက်၍ လေ့လာထားခြင်းများ မရှိသဖြင့် မည်သို့သော ဆိုးကျိုးများ ဖြစ်နိုင်မည်ကို ခန့်မှန်း၍ မရနိုင်ပါ။ မလိုအပ်သော ကာကွယ်ဆေး ထပ်မံထိုးနှံခြင်းများကြောင့် ကာကွယ်ဆေးအမှန်တကယ်လိုအပ်နေသောသူများအတွက် အခွင့်အရေးဆုံးရှုံးခြင်း ဖြစ်နိုင်သကဲ့သို့ ကာကွယ်ဆေးလွှမ်းခြုံမှု ကျဆင်းနိုင်ခြင်းကြောင့် ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ရာတွင်လည်း အဟန့်အတားများ ဖြစ်နိုင်သဖြင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးပါက ထပ်မံထိုးနှံခြင်းများကို ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။
🚩🚩🚩8. အဖေကအသက် ၆၆နှစ်ပါ။ လွန်ခဲ့တဲ့ ၃နှစ်ကခါးအာရုံကြောညှပ်လို့ဆေးခန်းပြခဲ့ပါတယ်။ ဆရာဝန်ညွှန်တဲ့ဆေးထဲမှာ steroidပါလို့ ၁၀ရက်သောက်ခဲ့ပါတယ်။ steroidသောက်တဲ့side effectကြောင့် မျက်စိထဲမှာ ရေအိတ်တည်ပြီး ရေဝင်သွားလို့ မျက်စိဆရာဝန်နဲ့ကုသခဲ့ရပါတယ်။ steroid နှင့်မတည့်လို့သိရပါတယ်။ ခုကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလားဆရာ။ covidshieldအမျိုးအစားထိုးရင်တည့်ပါသလားရှင်။
💉ဖြေ။ ထိုးလို့ရပါတယ်။ Covishield ကာကွယ်ဆေးအကြောင်းနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/113457701006485 နှင့် https://www.facebook.com/ckcmohnugmm/posts/110519997966922 တို့တွင် ဖော်ပြထားပါတယ်။
ဓာတ်မတည့်ခြင်း လက္ခဏာရှိသူများအတွက် ကာကွယ်ဆေးထိုးသင့်၊ မသင့်နှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/122337093451879 တွင် ဖော်ပြထားပါတယ်။
🚩🚩🚩9. ကိုဗစ်-၁၉ ကူးနေမှန်းမသိပဲနဲ့ ကာကွယ်ဆေးထိုးမိသွားရင် ဘာတွေဖြစ်လာနိုင်ပါသလဲ ခင်ဗျာ။ အရေးတကြီးသိချင်လို့ပါ ကူညီပေးကြပါဦးခင်ဗျာ။
💉ဖြေ။ - ဤပိုစ့် မေးခွန်း ၂ ရှိ အဖြေကို ပြန်လည်ရည်ညွှန်းအပ်ပါသည်။
https://www.facebook.com/ckcmohnugmm/posts/116653550686900
🚩🚩🚩10. Covishield first dose နဲ့ second dose ဘယ်လောက်ခြားရမလဲ ရှင့်? စာရှာဖတ်ကြည့်တာတော့ 12 weeks ထိုးထားတာက ကာကွယ်မှုရာခိုင်နှုန်း ပိုများတယ်ဆိုပြီးဖတ်ရပါတယ်။ အခု Covishield တွေလည်း ဝင်လာပြီမို့ လူတွေအတွက် ဗဟုသုတ ရအောင် အမှန်ကို ပြောပြစေလိုပါတယ်။
💉ဖြေ။ - Covishield second dose ကို first dose ထိုးအပြီး ၄ ပတ်မှ ၆ ပတ်အထိ ခွာ၍ ထိုးနိုင်သည်ဟု Serum Institute of India (SII) ၏ ဆေးအညွှန်းစာရွက်တွင် အောက်ပါအတိုင်း တွေ့နိုင်ပါသည်။
https://www.seruminstitute.com/pdf/covishield_fact_sheet.pdf
- သို့သော် ယခုနှစ် မတ်လမှစ၍ အိန္ဒိယအစိုးရက dose ၂ ခုအကြား ၆ ပတ်မှ ၈ ပတ်ခွာထိုးရန် ညွှန်ကြားပြီး တစ်ဖန် မေလ ၁၃ ရက်နေ့မှစ၍ (ယူကေနိုင်ငံနှင့် အခြားနိုင်ငံများနည်းတူ) dose ၂ ခုအကြားတွင် ၁၂ ပတ်မှ ၁၆ ပတ်ခွာထိုးရန် ညွှန်ကြားခဲ့တာ တွေ့ရပါသည်။ ထို့ကြောင့် SII ကလည်း သူ့ website ၏ အမေးများသော မေးခွန်းနံပါတ် ၆ တွင် ထိုသို့ထိုးနိုင်သည်ဟု လက်ရှိဖော်ပြထားတာ တွေ့ရပါသည်။ (second dose ကို ထိုးရန် ၁၂ ပတ်ကျော်သွားလျှင်လည်း အစမှ ပြန်ထိုးစရာမလိုဘဲ second dose ထိုးနိုင်တယ်လို့လည်း မေးခွန်း ၇ တွင် ဖော်ပြထားပါသည်)
https://www.seruminstitute.com/health_faq_covishield.php...
- ယခုမူ လေ့လာတွေ့ရှိချက်များအရ ယူကေနှင့် အခြားနိုင်ငံများက second dose ကို ၈ ပတ်မှ ၁၂ ပတ်ပဲ ခွာထိုးရန် ဆုံးဖြတ်ပြန်ရာ အိန္ဒိယအစိုးရကလည်း အသက် ၄၅ နှစ်နှင့်အထက် လူများတွင် လက်ရှိ ထို first dose နှင့် second dose အကြား အချိန်ကွာခြားချက်ကို ပြန်လျှော့ရန် သုံးသပ်လျက် ရှိပါသည်။
- SII ၏ ကာကွယ်ဆေးစာရွက်အညွှန်းပါ စမ်းသပ်တွေ့ရှိထားသော ကာကွယ်မှုရာခိုင်နှုန်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။
👉 ၆ ပတ်အောက် ခွာထိုးလျှင် ကာကွယ်မှုရာခိုင်နှုန်း 53.28%
👉 ၆-၈ ပတ် ခွာထိုးလျှင် ကာကွယ်မှုရာခိုင်နှုန်း 51.08%
👉 ၉-၁၁ ပတ် ခွာထိုးလျှင် ကာကွယ်မှုရာခိုင်နှုန်း 60.55%
👉 ၁၂ ပတ်အထက် ခွာထိုးလျှင် ကာကွယ်မှုရာခိုင်နှုန်း 78.79%
https://www.seruminstitute.com/.../covishield_ChAdOx1...
- #အချုပ်အားဖြင့်ဆိုသော် ဘယ်လောက်ခွာထိုးရင် အကောင်းဆုံးဖြစ်မလဲဆိုသည်မှာ စမ်းသပ်လေ့လာနေကြဆဲ ဖြစ်ပါသည်၊ ကာကွယ်ဆေးရရှိနိုင်မှုနှင့် ကာကွယ်ဆေးထိုးပေးသူများ၏ သတ်မှတ်ချက်ပေါ် မူတည်၍ မူလပထမအတိုင်း second dose ကို first dose ထိုးအပြီး ၄ ပတ်မှ ၆ ပတ် (သို့မဟုတ်) ၈ ပတ်မှ ၁၂ ပတ် ခွာ၍ ထိုးနိုင်ပါသည်။ ၁၂ ပတ် ကျော်လျှင်လည်း အစမှ ပြန်ထိုးစရာမလိုဘဲ second dose ကို ထိုးနိုင်ပါသည်။
🚩🚩🚩11. ယခုထိုးပေးနေသော ကာကွယ်ဆေးကို နို့တိုက်မိခင် မထိုးပါနဲ့ဆိုပြီး ထိုးမပေးလိုက်တဲ့သူနဲ့ ထိုးလို့ရတယ်ဆိုပြီး ထိုးပေးလိုက်တဲ့သူ ရှိပါတယ်။ တစ်နေရာထဲ သွားထိုးတာ ကောင်တာမတူတာနဲ့ အဲ့လိုအခြေအနေ ကွဲပြားသွားပါတယ်။ သူတို့က အထက်က ညွှန်ကြားချက် ထပ်ရလို့ဆိုပြီး မထိုးပေးလိုက်ပါဘူး။ ထိုးခဲ့လိုက်ရတဲ့ နို့တိုက်မိခင်အနေနဲ့ နောက်တစ်ကြိမ်ထိုးသင့်/ မသင့် သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။
💉ဖြေ။ Sinopharm ကိုဗစ်ကာကွယ်ဆေးကို အခြားသော အရွယ်ရောက်ပြီးသူများကဲ့သို့ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်ပြီး ကာကွယ်ဆေးထိုးပြီးသည့်နောက်တွင်လည်း ကလေးကို မိခင်နို့ ဆက်လက်တိုက်ကျွေးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြထားပါတယ်။ တစ်ကြိမ်ထိုးပြီးသူအနေဖြင့်လည်း သတ်မှတ်ရက်တွင် ဒုတိယအကြိမ် သွားရောက်ထိုးရမှာ ဖြစ်ပါတယ်။
#CovidVaccine
#ckc #covid19_knowledge_centre
#nugmoh #covid19
Comments
Post a Comment