Skip to main content

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (3.8.21)



🚩🚩🚩1. kappa covid ရဲ့ လက္ခဏာတွေ သိချင်ပါတယ်ရှင်။ အခုက လက္ခဏာမပြပဲ ဖြစ်တတ်တယ် လို့ ပြောနေကြလို့ပါ။ delta လက္ခဏာတွေနဲ့ ဘာတွေ ကွာခြားပါသလည်းရှင်။

 >>> ဖြေ။ ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) ဟာ ဗိုင်းရပ်စ်ပိုး (Virus) တစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘောသဘာဝအရ စဉ်ဆက်မပြတ်ပြောင်းလဲနေတတ်တဲ့သဘော (Mutation) ရှိပြီး မျိုးကွဲ (New variant) တွေဖြစ်လာတတ်ပါတယ်။ အချို့သောမျိုးကွဲတွေဟာ လျင်မြန်စွာ ကူးစက်တတ်ခြင်း (သို့မဟုတ်) ရောဂါပြင်းထန်တတ်ခြင်းတို့ဖြစ်စေနိုင်တဲ့အတွက် အထူး အလေးထား ဂရုပြုဖို့ လိုအပ်ပါတယ် (Variant of Concern)။ အချို့မျိုးကွဲတွေမှာတော့ ထိုကဲ့သို့ဖြစ်စေနိုင်ခြင်း မရှိသေးသော်လည်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့အတွက် ဆက်လက်လေ့လာ စောင့်ကြည့်ဖို့ လိုအပ်ပါတယ် (Variant of Interest)။ 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ကြေညာထားသော အထူးအလေးထား ဂရုပြုရမည့် ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) မှာ ယခုလက်ရှိအချိန်အထိ မျိုးကွဲ (၄) ခုသာ ရှိပါသေးတယ်။

👉 B.1.1.7 (Alpha): (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလတွင် UK ၌ စတင်တွေ့ရှိ၊

👉 B.1.351 (Beta): (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်အာဖရိက၌ စတင်တွေ့ရှိ၊

👉 P.1 (Gamma): (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလတွင် ဘရာဇီးနိုင်ငံ၌ စတင်တွေ့ရှိ၊

👉 B.1.617.2 (Delta): (၂၀၂၀) ခုနှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိ၊

တို့ဖြစ်ပါတယ်။

ဆက်လက်လေ့လာ စောင့်ကြည့်ရမယ့် မျိုးကွဲများ အနေနဲ့ကတော့ အောက်ပါတို့ကို သတ်မှတ်ထားပါတယ်။ 

👉 B.1.525 (Eta): (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံအများ၌ စတင်တွေ့ရှိ၊

👉 B.1.526 (Iota): (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ၌ စတင်တွေ့ရှိ၊

👉 B.1.617.1 (Kappa): (၂၀၂၀) ခုနှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိ၊

👉 C.37 (Lambda): (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလတွင် ပီရူးနိုင်ငံ၌ စတင်တွေ့ရှိ တို့ဖြစ်ပါတယ်။ 

Kappa မျိုးကွဲဟာ ၎င်းတို့ထဲမှ တစ်ခုသာဖြစ်ပါတယ်။ ရောဂါလက္ခဏာများမှာ Delta မျိုးကွဲနှင့် ကွာခြားမှု မရှိပါ။ 

🚩🚩🚩2.အနံပြန်မရတာ ၃ပတ် ပြည့်သွားပြီ။ ပြန်မသေပါဘူးရှင့်။ ပြာမူန့်လိုဆေးလိပ်ပြာလိုလိုတော့ဝင်လာပြီး တစ်ကယ်ရူတော့မလိုဘူးရှင့်။ အဲဒါဘာကြောင့်ပါလဲရှင့်။ အနံ့နဲနဲလေးပဲ ပြန်ရသေးလို့ပါ။

>>> ဖြေ။ ကိုဗစ်-၁၉ရောဂါတွင် အနံ့ပျောက်ခြင်းနှင့်ပတ်သက်၍ အောက်ပါ link မှ မေးခွန်း No.8 ၏ အဖြေကို ကျေးဇူးပြု၍ ဖတ်ပေးပါ။

https://www.facebook.com/ckcmohnugmm/posts/116753554010233

🚩🚩🚩3. ကလေးတွေမှာကူးစက်ရင် အသက်ဆုံးရှုံးနိုင်လား။ ဘယ်လိုလက္ခဏာတွေပြလဲနှင့် ဘယ်လိုစောင့်ရှောက်ကုသမှုလုပ်ပေးရမလဲ။ ဖြေပေးစေချင်ပါတယ်။ 

>>> ဖြေ။ အများအားဖြင့် ကလေးများမှာ လူကြီးများကဲ့သို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရနိုင်သော်လည်း ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနည်းပါတယ်။ အနည်းငယ်သော ကလေးအချို့တွင်တော့ ရောဂါလက္ခဏာများ ပြင်းထန်နိုင်ပါတယ်။ ကလေးအများစုမှာ ရောဂါလက္ခဏာ မပြကြဘဲ ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်နိုင်ကြပြီး အခြားသူများထံသို့ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။ လက္ခဏာများမှာ လူကြီးများတွင် ခံစားရသော လက္ခဏာများနှင့် ယေဘုယျအားဖြင့် တူညီပါတယ်။ ရောဂါလက္ခဏာများကို https://www.facebook.com/ckcmohnugmm/posts/105050385180550  တွင် ဖတ်ပေးပါ။ ခံစားရသော ရောဂါလက္ခဏာများအလိုက် (ဥပမာ၊ အဖျားကြီးပါက ရေပတ်တိုက်ခြင်း၊ ပါရာစီတမော ဆေးတိုက်ခြင်း၊ နှာစေးပါက နှာစေးပျောက်ဆေးတိုက်ခြင်း စသည်) ကလေးအား ပြုစုစောင့်ရှောက်ရန် လိုပါတယ်။  

   အကယ်၍ အောက်ပါလက္ခဏာများ ခံစားရပါက ကျန်းမာရေးဝန်ထမ်းနှင့် အမြန်ဆုံးပြသရန် လိုပါတယ်။ ၎င်းတို့မှာ အသက်ရှုခက်ခဲခြင်း (ရင်ဘတ်ရှိ နံရိုးကြားနေရာများ ချိုင့်ဝင်ခြင်း၊ နှာခေါင်းဝ ကျယ်၍ အားစိုက်ရှူနေရခြင်း)၊ အလွန်အမင်း မှိန်းခြင်း၊ အသိစိတ်ကင်းမဲ့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြားများ ဖျော့တော့၍ အေးစက်နေခြင်း၊ မူးဝေခြင်း၊ အလွန်အမင်း ဗိုက်နာခြင်းတို့ ဖြစ်ပါတယ်။ 

🚩🚩🚩4. ကိုဗစ်ဖြစ်ပြီး ၂၁ ရက်အကြာမှာ ပိုးထပ်ကူးသူတွေရှိတယ်လို့ ကြားနေရပါတယ်။ အဲ့လိုထပ်ကူးရင်က Antibody ထွက်ပြီးသားဖြစ်လို့ ရောဂါပြင်းထန်စွာ ထပ်ခံစားရနိုင်ပါသလား။

>>> ဖြေ။ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ခံစားရခြင်းကို ကိုဗစ်ပိုး ထပ်မံကူးစက်ခံရသည်ဟု ထင်မြင်မိခြင်း ဖြစ်နိုင်သကဲသို့ မတူကွဲပြားသော ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများကို https://www.facebook.com/ckcmohnugmm/posts/120567246962197 မေးခွန်း နံပါတ် ၄ အဖြေကို ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။ အကယ်၍ ဗိုင်းရပ်မျိုးကွဲတစ်ခု ထပ်မံကူးစက်ခံရခြင်းဖြစ်ပါက ရောဂါပြင်းထန်မှုသည် Antibody ထွက်ပြီးသား ဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ ကိုယ်ခံအားအခြေအနေ၊ ရောဂါအခံရှိမရှိ၊ ဗိုင်းရပ်စ်မျိုးကွဲ၏ ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်မှု အတိုင်းအတာတို့ပေါ်တွင် မူတည်ပါလိမ့်မယ်။

🚩🚩🚩5. တွေ့ဖူးသမျှ အနံ့ပျောက်တဲ့လူနာတွေမှာ အောက်ဆီဂျင်မကျတာနဲ့ အောက်ဆီဂျင်ကျတဲ့လူနာတွေက အနံ့မပျောက်တာတွေတွေ့ရလို့ပါ။ အနံ့ပျောက်ခြင်းနဲ့အောက်ဆီဂျင်ကျခြင်းက အဆက်အစပ်များရှိလားဗျ။

>>> ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ အနံ့ပျောက်ခြင်းနှင့် အောက်ဆီဂျင်ကျခြင်းတို့ ဆက်စပ်မှု ရှိမရှိနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များ မရှိသေးပါ။ သို့ရာတွင် လေ့လာမှုတချို့အရ အနံ့ပျောက်ခြင်း လက္ခဏာရှိသူ အများစုသည် ပြင်းထန်သော ရောဂါများ ခံစားရခြင်း #နည်းပါးကြောင်း တွေ့ရှိရပါတယ်။ သို့သော်လည်း ထိုသို့တထစ်ချ ကောက်ချက်ဆွဲရန်အတွက် သုတေသနအချက်အလက်များ ခိုင်ခိုင်မာမာ မရှိသေးပေ။

🚩🚩🚩6. အရင်ထဲက အသက်ရှုမဝ တချက်တချက် ရှိုက်ရှိုက်ပြီးရှူမှ အဆင်ပြေတယ်ဆိုတဲ့သူက ခုချိန်မှာ ကိုဗစ်ကလည်း အသက်ရှူမဝဖြစ်တတ်တယ်ဆိုတာနဲ့ဆက်ပြီး သိချင်ပါတယ်။ 

>>>  ဖြေ။ ယခင်က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများသည် ကိုဗစ်ရောဂါကူးစက်ခံရပါက ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလေ့ရှိကြောင်း တွေ့ရပါတယ်။ ထိုသို့သော သူများတွင် ရောဂါဖြစ်ပွားပါက သာမန်လူများထက် အသက်ရှူကြပ်ခြင်း၊ မောခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်းစသည့် ရောဂါလက္ခဏာများကို ပိုမိုကြုံတွေ့ရနိုင်ပါတယ်။

🚩🚩🚩7. ကိုဗစ်ဖြစ်ပွားခဲ့ဖူးသူတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဘာဖြစ်နိုင်မလဲ သိပါရစေ။ 

>>> ဖြေ ။ ကိုဗစ်နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအနေနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားမှုများခြင်းတို့ ခံစားရနိုင်ပါတယ်။ 

#CovidClinicalFeatures

#ckc #covid19_knowledge_centre #nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...