Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ အပိုင်း (၁) (30.7.21)



🚩🚩🚩1. ခွေးရူးကာကွယ်ဆေးထိုးနေရလို့ ပြီးရင်ဘယ်လောက်အကြာမှာ COVID ကာကွယ်ဆေးထိုးလို့ရပါသလဲရှင်။ 

 →  ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို အခြားကာကွယ်ဆေးများနှင့် အတူတကွ #တချိန်တည်းထိုးနှံနိုင်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။ ဒါကြောင့် ခွေးရူးကာကွယ်ဆေးထိုးနေစဉ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးရမည့် အလှည့်နှင့်ကြုံပါက ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံနိုင်ပါတယ်။ အကယ်၍ ကိုဗစ်ကာကွယ်ဆေးထိုးပြီးခါစတွင် ခွေးရူးကိုက်ခံရပါကလည်း ခွေးရူးကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။

🚩🚩🚩2. ခုထိုးပေးနေတဲ့ Covid vaccine Sinovac or Sinopharm ကို အသက် ၆၀ နှစ်အထက် နှလုံးသွေးကြော ချဲ့ထားသောသူနဲ့ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး ရောဂါ အခံရှိသူ ထိုးလို့ရပါသလားရှင့်။ 

 →  ဖြေ။ အသည်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတဲ့သူများသာမက အသက် ၆၅ နှစ်အထက်ရှိတဲ့ သူတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပါက နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်စွာ ခံစားရနိုင်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေး #ဦးစားပေးထိုးဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။

- ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ (ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ယမ်းခြင်း၊ ဖျားခြင်း စသည်) ကို အခြားသူများကဲ့သို့ ကြုံတွေ့ရနိုင်သော်လည်း ကာကွယ်ဆေးထိုးခွင့်ရပါက မဖြစ်မနေ သွားရောက်ထိုးနှံကြဖို့ အကြံပြုထားပါတယ်။

#Sinopharm (Beijing Institute of Biological Products Co-Ltd) နှင့် #Sinvoc ကိုဗစ်ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက်ရှိသူများတွင်သာ ထိုးနှံရပါမယ်။ အသက် ၆၀ နှစ်အထက်ရှိသူများအတွက်မူ ကာကွယ်ဆေးနှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးဆိုင်ရာ သုတေသနအချက်အလက်များ ခိုင်ခိုင်မာမာ မရှိသေးသဖြင့် ကာကွယ်ဆေးထိုးပြီးပါက #ဂရုတစိုက်စောင့်ကြည့်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ 

🚩🚩🚩3. တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့မှာ ကိုဗစ်ကာကွယ်ဆေးတွေထိုးကြဖို့ စာရင်းတွေကောက်နေကြပါတယ်။ ဒီကာကွယ်ဆေးက ဆိုးကျိုးတွေရှိနိုင်ပါသလား။ ကျမအမျိုးသားက ကားသမားမို့ ကားအုံနာက ကာကွယ်ဆေးထိုးဖို့ ပြောနေလို့ပါ။ 

  → ဖြေ။ မည်သည့်ကာကွယ်ဆေးထိုးပေးမည်ကို ဦးစွာသိရှိရန် လိုအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက #အသိအမှတ်ပြုထားသောကာကွယ်ဆေးများကိုသာ ထိုးနှံသင့်ပါတယ်။ ၎င်းတို့မှာ ဗြိတိန်နှင့်အိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သော Covishield, ဗြိတိန်မှထုတ်လုပ်သော AstraZeneca, အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော Pfizer, Moderna, Janssen, တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm (Beijing Institute of Biological Products Co-Ltd), Sinovac တို့ဖြစ်ပါတယ်။ Sinopharm (Wuhan Institute of Biological Products Co Ltd) ကာကွယ်ဆေးကိုမူ #အသိအမှတ်မပြုထားသေးပါ။ 

ထို့ပြင် ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။

🚩🚩🚩4. ကာကွယ်ဆေးမထိုးခင်ဝင်ရောက်လာသည့် covid ပိုးကို t cell များ ကာကွယ်တိုက်ခိုက်ပုံနဲ့ ၊ကာကွယ်ဆေးထိုးပြီး မှဝင်ရောက်လာသည့် covid ပိုးများကို t cell များ ကာကွယ်တိုက်ခိုက်ပုံ ကွာခြားမှု နဲ့ ကာကွယ်ဆေးရဲ့အကျိုးကြီးမားမှုကိုသိချင်ပါတယ်။

 → ဖြေ။ ခန္ဓာကိုယ်ခုခံအားစနစ်တွင် ချက်ချင်းတုံ့ပြန်သောခုခံအားစနစ်နှင့် အချိန်ယူတုံ့ပြန်သော ခုခံအားစနစ်ဟူ၍ ရှိပါတယ်။ ချက်ချင်း တုံ့ပြန်သောခုခံအားစနစ်မှာ ဝင်လာသမျှ ရောဂါပိုးများကို တိတိကျကျ သတ်မှတ်ခြင်းမရှိဘဲ ခြုံငုံ၍ ခုခံတိုက်ထုတ်ခြင်း ဖြစ်ပါတယ်။ အချိန်ယူတုံ့ပြန်သော ခုခံအားစနစ်မှာမူ ဝင်ရောက်လာသော ရောဂါပိုးများကို ရွေးချယ်မှတ်သားထားပြီးမှ ခုခံတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ထိုခုခံအားစနစ်နှစ်ခုမှာ ရောဂါပိုးခုခံရေးအတွက် အတူတကွ ပေါင်းစပ်ပြီး ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။ ရောဂါပိုးသည် ခန္ဓာကိုယ်ဆဲလ်အတွင်းသို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်သည့်အခါ ချက်ချင်းတုံ့ပြန်သည့် ခုခံအားစနစ် လှုံ့ဆော်ခြင်း ဖြစ်ပေါ်ပြီး ၎င်းတွင် ပါဝင်သော T helper cells များနှင့် အခြား ဆဲလ်များမှ ရောဂါပိုးကို တိုက်ထုတ်ပြီး ရန်သူအချက်ပြ ပစ္စည်းများ ထုတ်လွှင့်ပါတယ်။ ၎င်းတို့မှတဆင့် အချိန်ယူတုံ့ပြန်သော ခုခံအားစနစ်ကို စတင် လှုံ့ဆော်ပေးပါတယ်။ အဓိကအားဖြင့် သွေးဖြူဥများဖြစ်သော B cell ၊ T cell များ နှင့် အခြား ခုခံအားစနစ်အစိတ်အပိုင်းများမှ ခုခံခြင်းများ ဆက်လက်ဆောင်ရွက်ကြပါတယ်။  B cell သည် ဝင်ရောက်လာသော ရောဂါပိုးအတွက် သီးသန့်ဖြစ်သော #ပဋိပစ္စည်း(Antibody) ကို ထုတ်ပေးပြီး ရန်သူအဖြစ် သတ်မှတ်ပေးပါတယ်။ T cell များကတော့ ရန်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်တဲ့ ရောဂါပိုးများနှင့် ရောဂါပိုးကူးစက်ခံထားရတဲ့ဆဲလ်များကို စနစ်တကျနဲ့ ဝါးမြိုတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ အချို့ T cells များကတော့ ခုခံအားစနစ် တုံ့ပြန်မှုကို ထိန်းညှိတဲ့ အလုပ်လုပ်ကြပါတယ်။ ရောဂါပိုး ပထမဦးဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်ပါက B cell မှ အချိန်တစ်ခု (ရက်ပေါင်းများစွာ) ယူပြီးမှသာ ပဋိပစ္စည်း (Antibody)ကို ထုတ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ချက်ချင်း တိုက်ခိုက်မှု မပြုနိုင်ဘဲ ခန္ဓာကိုယ်ထဲတွင် ရောဂါကူးစက်ပွားများမှုကို ခံရခြင်းဖြစ်ပါတယ်။ ပထမအကြိမ် ရောဂါကူးစက်ခံရပြီးပါက B cell နှင့် T cell များမှာ ၎င်းရောဂါပိုးကို မှတ်မိသွားပြီး ဒုတိယအကြိမ် ၎င်းရောဂါပိုးဝင်ရောက်လာခဲ့ပါမူ မှတ်မိပြီးသော B cell နှင့် T cell အပါအဝင် ခုခံအားစနစ်အစိတ်အပိုင်းများမှ စနစ်တကျ မြန်မြန်ဆန်ဆန် ရောဂါပိုးကို တိုက်ထုတ်နိုင်သဖြင့် ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးများ ပွားများခြင်းမပြုနိုင်ဘဲ ရောဂါကာကွယ်နိုင်ခြင်းဖြစ်ပါတယ်။ 

ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်ရောက်ခင် ထိုရောဂါပိုး (ကူးစက်နိုင်ခြင်းမရှိအောင် ပြုပြင်ထုတ်လုပ်ထားသော) (သို့မဟုတ်) ရောဂါပိုးဗီဇကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီးနောက် ခုခံအားစနစ်မှ ၎င်းကို ဦးစွာမှတ်မိအောင် ပြုလုပ်ပေးပြီး B cell များမှ ပဋိပစ္စည်း (antibody) ကို အရန်သင့် ထုတ်ထားပေးနိုင်အောင်နှင့် T cell အပါအဝင်ဖြစ်သော ခုခံအားစနစ်ကို အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပေးထားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် နောင်တစ်ချိန် ရောဂါပိုးနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် မှတ်မိပြီးဖြစ်သော B cell များမှ ထုတ်လုပ်ထားပြီးဖြစ်သော ပဋိပစ္စည်း (antibody) များနှင့်  မှတ်မိပြီးဖြစ်သော T cell အပါအဝင် ခုခံအားစနစ်အစိတ်အပိုင်းများမှ ရောဂါပိုး မပွားများနိုင်အောင် မြန်မြန်ဆန်ဆန်တိုက်ထုတ်ကာ ရောဂါကာကွယ်မှုကို ဖြစ်စေပါတယ်။ 

#CovidVaccine

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...