Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ အပိုင်း (၂) (30.7.21)



🚩🚩🚩1. ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ် မဟုတ်စစ်ဆေးဖို့လိုပါသလား။ တကယ်လို့ Pဖြစ်နေယင်ကာကွယ်ဆေးထိုးလို့ရပါသလား။ အခုလူတွေကဘာမှမစစ်ဘဲကာကွယ်ဆေးထိုးနေကြလို့ ရ မရသိချင်ပါတယ်။

  → ဖြေ။ ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ်၊မဟုတ် #ဓာတ်ခွဲစစ်ဆေးဖို့မလိုအပ်ပါ။ အကယ်၍ ကိုဗစ်ရောဂါ လက္ခဏာများ လက်ရှိခံစားနေရခြင်း သို့မဟုတ် ကိုဗစ်ရောဂါပိုး တွေ့ရှိရသူများတွင် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းရမည့် အချိန်နှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်၏ မေးခွန်း (၂) အဖြေတွင် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/113457701006485 

ကိုဗစ်ရောဂါရှိသူများနှင့် ထိတွေ့မှုရှိသူများသည်လည်း #သီးခြားခွဲနေထိုင်ရမည့်ကာလကျော်လွန်မှသာ ကာကွယ်ဆေး သွားရောက်ထိုးနှံရပါမယ်။ သီးခြားနေထိုင်ရမည့်ကာလကို အောက်ပါအတိုင်းသတ်မှတ်ထားပါတယ်။ လက္ခဏာရှိသူ၏ မိသားစုဝင် (သို့မဟုတ်) လက္ခဏာရှိသူနှင့် ထိတွေ့ထားသူအတွက် လက္ခဏာ မပြသေးသော်လည်း (၁၀) ရက် သီးခြားနေထိုင်ရပါမည်။ ထိုရက်များအတွင်း လက္ခဏာပေါ်ပေါက်လာပါက ပေါ်လာသည့်နေ့ရက်မှ စတင်၍ (၁၀) ရက် သီးခြားနေထိုင်ရန် လိုအပ်ပါသည်။

🚩🚩🚩2. Covid ဖြစ်ပြီးတဲ့သူတွေ ဘယ်နှလကြာမှ ကာကွယ်ဆေးထိုးသင့်ပါသလဲရှင့်။ 

  → ဖြေ။ ကိုဗစ်ရောဂါ ခံစားရဖူးသူများတွင် ကာကွယ်ဆေးထိုးဖို့ စောင့်ဆိုင်းရမည့် အချိန်ကို ဖော်ပြပါပိုစ့်၏ မေးခွန်း (၂) အဖြေကို ကျေးဇူးပြု၍ ဖတ်ရှုပေးပါ။

https://www.facebook.com/ckcmohnugmm/posts/113457701006485 

🚩🚩🚩3. Covishield ကို 25.1.2021တစ်ကြိမ်ထိုးထားတယ်။ ဒုတိယအကြိမ်မထိုးဖြစ်ဘူး။

အခု ပြန်ထိုးမယ်ဆိုရင် Covishieldမရရင် တခြားကာကွယ်ဆေးထိုးလို့ရမလား။ တခြားကာကွယ်ဆေးက တရုတ်ဆေးဆိုရင် ထိုးရမလားသိချင်ပါတယ်။

🚩🚩🚩 Covishield တကြိမ်ထိုးထားတာ 6 လပြည့်ပါပြီ။ ခု sinopharm ထိုးလို့ရလားရှင့်။ covishield ပြန်ထိုးဖို့မလွယ်လို့ပါ။ 

 →  ဖြေ။ Covishield မရနိုင်တော့ပါက အခြားစိတ်ချရသော ကာကွယ်ဆေးဖြင့် ထိုးနှံရပါမယ်။ Sinopharm (Beijing Institute of Biological Products Co-Ltd) ကိုဗစ်ကာကွယ်ဆေးကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းဆိုင်ရာခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။ Sinopharm (Wuhan Institute of Biological Products Co Ltd) ကာကွယ်ဆေးကိုမူ #အသိအမှတ်မပြုထားသေးပါ။ 

ထို့ပြင်ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။

🚩🚩🚩4. အခု ထိုးပေးနေတဲ့ Sinopharm Vero Cell ကာကွယ်ဆေး ဟာ China only approve ဆိုတာ ဟုတ်ပါသလား ၊ ထိုးသင့်ပါသလား။ 

 → ဖြေ။ Beijing Institute of Biological Products Co-Ltd မှ ထုတ်လုပ်သော Sinopharm ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းဆိုင်ရာခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။ Wuhan Institute of Biological Products Co Ltd မှ ထုတ်လုပ်သော Sinopharm ကိုဗစ်ကာကွယ်ဆေးကိုမူ  #အသိအမှတ်မပြုထားသေးပါ။ 

ထို့ပြင်ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။

🚩🚩🚩5. ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်အစားထိုးထားသူများ ကိုဗစ်ကာကွယ်ဆေး ထိုးလို့မရဘူးလို့ သိထားလို့ပါ။ ဟုတ်ပါသလားခင်ဗျ။

 →  ဖြေ။ မဟုတ်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်အစားထိုးထားသူများတွင် ကိုယ်ခံအားနည်းစေသော ဆေးများ ပေးထားရသဖြင့် ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ သို့သော် ၎င်းတို့တွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်စွာခံစားရနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အကြံပြုထားပါတယ်။ ၎င်းနှင့် အတူနေမိသားစုဝင်များကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန် အကြံပြုထားပါတယ်။ ကာကွယ်ဆေးထိုးပြီးသည့်နောက်ပိုင်းတွင်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို လိုက်နာရမှာ ဖြစ်ပါတယ်။  

🚩🚩🚩6. Covid ကာကွယ်ဆေး တခုခုထိုးထားရင် တချို့တွေပြောကြတာ တကယ်လို့ covidဖြစ်ခဲ့ရင်တောင် အရမ်းမပြင်းထန်ဘူးလို့ပြောနေကြတာတွေ့လို့ပါ။ ဖြစ်နိုင်လားရှင့်။

 → ဖြေ။ ဖော်ပြပါ ပို့စ်မှ မေးခွန်း (၁) ၏ အဖြေကို ကျေးဇူးပြု၍ ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/108203494865239 

🚩🚩🚩7. ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ကွမ်းယာရှောင်ဖို့လိုသလားဗျ။

 →  ဖြေ။ ထိုကဲ့သို့ ရှောင်ရှားရမည့် အကြံပြုချက်၊ လမ်းညွှန်ချက်များ မရှိသေးပါ။ 

🚩🚩🚩8. ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားပါ။ အခုက ကိုဗစ်ဖြစ်တာ ၁၈ ရက်ရှိပါပြီ။ လူက အကုန်လုံးပြန်လည်ကောင်းမွန်နေပါပြီ။ မေးချင်တာက ကိုဗစ်ပျောက်သွားလို့ရှိရင် အရင်ထိုးထားတဲ့ကာကွယ်ဆေးက အာနိသင်ဆက်ရှိဦးမှာလားသိချင်ပါတယ်။

 → ဖြေ။ ယခင်ထိုးခဲ့သော ကာကွယ်ဆေးကြောင့် ခုခံအား တစ်စုံတစ်ရာရှိနိုင်သော်လည်း ရောဂါပိုးဝင်ရောက်ခြင်းကို အပြည့်အဝမခုခံနိုင်သဖြင့် ယခုကဲ့သို့ ကူးစက်ခံရခြင်းဖြစ်ပါတယ်။ သို့ရာတွင် ကာကွယ်ဆေးထိုးထားသူများ၌ ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနည်းကြောင်း တွေ့ရှိရပါတယ်။ ထို့ကြောင့် ယခင်ထိုးထားခဲ့သော ကာကွယ်ဆေးမှာ ယခုကူးစက်ခံရသော ဗိုင်းရပ်စ်မျိုးကွဲအတွက်ဆိုပါက ကူးစက်ခြင်းကို ကာကွယ်နိုင်သည့် အာနိသင် မရှိတော့ဟု ဆိုချင်ပါတယ်။ ထို့ကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမယ်။

#CovidVaccine

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...