Skip to main content

Pulse Oximeter အောက်ဆီမီတာ အကြောင်းသိကောင်းစရာ

အိမ်သုံး သွေးထဲမှအောက်ဆီဂျင်ရာနှုန်းတိုင်းစက်အကြောင်းသိကောင်းစရာ

ဒီနေရာမှာ SaO2 တိုင်းတာမဟုတ်ပဲ SpO2 တိုင်းစက်ကိုဆိုလိုတာဖြစ်ပါတယ်။


ပုံထဲမှာ ကျနော့်လက်မှာ အောက်ဆီမီတာ Oximeter (၃) ခုနဲ့စမ်းသပ်ကြည့်နေပါတယ်။ အဖြေအားလုံးတူတူနီးပါးရပါတယ်။
အဲ့ဒီတော့ SpO2 အောက်ဆီမီတာနဲ့ပက်သက်ပြီး #တိုင်းတာမှုမှန်ကန်စေဖို့ ရေးပေးပါမယ်။
အောက်ဆီမီတာဟာ Beer's Law (ဘီယာဥပဒေသ) လို့အလွယ်ခေါ်တဲ့ Beer-Lambert's Law ကိုအခြေခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။
လက်ချောင်းရဲ့တဖက်ကနေ အလင်းလွှတ်ပြီး လူရဲ့သွေးကြောမျှင်ထဲကိုဖြတ်ကာ #သွေးထဲကအောက်ဆီဂျင်ပြည့်ဝမှုပမာဏကို တဖက်ကနေတိုင်းတာတာဖြစ်ပါတယ်။
သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ဓာတ်ပြည့်ဝနေတဲ့ အောက်ဆီဟေမိုဂလိုဘင် (O2Hb) က အလင်းအနီရောင်ခြည်( 660 nm) ကိုစုပ်ယူပြီး၊ အောက်ဆီဂျင်ဓာတ်မပြည့်ဝတဲ့ ဒီအောက်ဆီဟေမိုဂလိုဘင် (deoxyHb) က အနီအောက်ရောင်ခြည် ( 940 nm) ကိုစုပ်ယူပါတယ်။
ကျနော်ပြောချင်တဲ့သဘောက သွေးကိုဖောက်ထွက်လာတဲ့မတူညီတဲ့အနီအလင်းတန်းကို အခြေခံတွက်ချက်ယူတာဖြစ်ပါတယ်။
အဲ့ဒီတော့ WHO ရဲ့စာတမ်းအရ 
  1. လက်သည်းဆိုးဆေးဆိုးထားတဲ့လက်ချောင်းမှာ အဖြေမမှန်ပါ။
  2. တက်တူးထိုးထားတဲ့လက်ချောင်းထိပ်မှာ အဖြေမမှန်တတ်ပါ။
  3. လက်ချောင်းထိပ်မှာမှဲ့၊ မွေးရာပါအမှတ်၊ အသားမာ၊ အမာရွတ်ရှိနေရင် အဖြေမမှန်တတ်ပါ။
  4. အိန္ဒိယလူမျိုးတွေ လက်ချောင်းမှာဆေးဆိုးထားရင် အဖြေမမှန်တတ်ပါ။

(အဲ့ဒီလိုအခြေအနေမှာ အခြားအမှတ်အသား၊ ဆိုးဆေး #ကင်းစင်တဲ့လက်မှာတိုင်းတာပါ)

  • ​အရမ်းလင်းနေတဲ့နေရာမှာ အဖြေမမှန်တတ်ပါ။ (#အမှောင်ခန်းမှာအဖြေပိုတိကျပါတယ်)။ ဒါကြောင့် အောက်ဆီမီတာကိုကြည့်ရင် အတွင်းဘက်နောက်မှာအမည်းရောင်ရာဘာလိုမျိုးခံထားတာတွေ့ရပါလိမ့်မယ်။ 
  • SpO2 တိုင်းတာနေတဲ့လူနာလှုပ်ရှားနေရင် အဖြေမမှန်တတ်ပါ။
  • ကာဘွန်မိုနော့ဆိုက်အဆိပ်မိနေတဲ့လူမှာ အဖြေမမှန်တတ်ပါ။ (မီးခိုးငွေ့တွေအများကြီးရှုထားတဲ့သူကို တိုင်းရင် အဖြေမမှန်တတ်ပါ)
  • Poor perfusion သွေးကြောမျှင်လေးများထဲသွေးပြန့်နှုန်းမတူတဲ့သူမှာ အဖြေမမှန်တတ်ပါ။
(လက်ကိုဖျစ်ညှစ်ထားရင် အဖြေမမှန်တတ်ပါ။ ဥပမာ - လက်မောင်းမှာသွေးပေါင်ချိန်တိုင်းနေရင်) 
  • ဆေးလိပ်သောက်တာတအားများလို့ လက်ထိပ်မည်းနေသူများမှာ အဖြေမမှန်တတ်ပါ။
  • အသားမည်းတဲ့သူတွေမှာထက် အသားဖြူတဲ့သူတွေမှာ အဖြေပိုတိကျပါတယ်။
  • ဘက်ထရီအားအရမ်းနည်းနေရင်လည်း အဖြေမမှန်တတ်ပါ။
  • အတွင်းမျက်နှာပြင်ညစ်ပေနေလျှင်မမှန်တတ်ပါ။ (လက်မှာဆီပေနေတာရှိရင် အောက်ဆီမီတာအတွင်းအပေါ်အောက်မျက်နှာပြင်ကို အဝတ်သန့်သန့်နှင့်သန့်စင်ပေးပါ။)
  • အောက်ဆီမီတာ #အမျိုးအစားမကောင်းရင် အဖြေမမှန်ပါ။

(ကျနော့်အသိဆရာဝန်အမျိုးသမီးတစ်ယောက် ခဲတံထည့်လှည့်ကြည့်တဲ့အခါ SpO2 % အဖြေထွက်နေတဲ့ အောက်ဆီမီတာမျိုး အံ့ဩစွာကြုံဖူးပါတယ်။ 
သူရှာရှာဖွေဖွေဟိုးထိုးဒီထိုး ဘာလို့ထိုးပြီးထည့်လှည့်ကြည့်သလဲမသိပါ။ သေချာတာတော့ သူ့ကျေးဇူးနဲ့အဲ့လို အောက်ဆီမီတာတွေရှိနေတာ သိခဲ့ရပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော် Manufacturer တွေနဲ့ အဖြေရှာဖို့လိုက်မေးပေးနေပါတယ်။ သူတို့ဘက်ကလုံလောက်တဲ့ algorithm ရှင်းပြနိုင်ရင်လက်ခံလို့ရပါတယ်။ တစ်ခုပဲရှိပါတယ်။ လက်နဲ့ခဲတံဘယ်လိုခွဲလဲသေချာရှင်းပြနိုင်ရပါမယ်။
စင်ကာပူမှာအရုပ်မလက်ထည့်ကြည့်တာ SpO2 အဖြေထွက်တယ်လို့ အသိတစ်ယောက်ကပြောပါတယ်။
ကိုယ့်မှာအရုပ်မမရှိတော့စမ်းမကြည့်ဖူးပါ။
ခဲဘောပင်အကြည်နဲ့စမ်းကြည့်ဖူးပါတယ် အကြိမ်ပေါင်းများစွာထည့်လှည့်မှ ၈၁% တစ်ခါပြဖူးပါတယ်။
သဘောကအလင်းကို တစ်ချက်မိလိုက်တာကို အဖြေထုတ်ချလိုက်တာဖြစ်ပါတယ်။)
ကျနော့်လိုက်ဖတ်ကြည့်တာ လက်ခလယ်မှာ ကျန်လက်ချောင်းတွေထက် SpO2 % ပမာဏပိုများတယ်လို့ဆိုပါတယ်။
အောက်ကသုသေသနလင့်မှာဖတ်ကြည့်ပါ။ 
သာမန်လူတွေအနေနဲ့ SpO2 အောက်ဆီမီတာကိုသုံးစွဲရာမှာ အောက်ပါ % များကိုသတိထားပါ။
✔️ 100 % မှ 95% သည် ပုံမှန် 
🚨 94 % မှ 91% သည် အရေးပေါ်အခြေအနေဖြစ်လာပြီဖြစ်ပါသည်။
🚨90 % အောက်သည် အလွန်အမင်းအသက်အန္တရာယ်ကိုစိုးရိမ်ရသောအခြေအနေဖြစ်ပါသည်။
94% ဆိုတာနဲ့ ဆရာဝန်ရဲ့အကူအညီကိုလိုအပ်လာပြီဖြစ်ပါတယ်။ 
ဒီနေရာမှာ အောက်ဆီမီတာရဲ့ တိုင်းတာမှုမှန်မမှန်ကအရေးကြီးလာပြီဖြစ်ပါတယ်။
ပုံမှန်အိမ်သုံးအောက်ဆီမီတာများဟာ (4 %) အထိမှားယွင်းတတ်ပါတယ်။
90% ဆိုလျှင် 86% မှ 94% အတွင်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် အရေးပေါ် 94% ဆိုလျှင် 90% မှ 98% အထိဖြစ်နိုင်ပါတယ်။ အဲ့ဒီအချက်ကို #ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

အမေရိကန် FDA မှ အကြံပေးချက်အရ အောက်ဆီမီတာအမှန်ဆုံးအခြေအနေသည် လူနာ၏သွေးထဲ saturation ဟာ 90 ရာနှုန်းအထက်မှာ အတိကျဆုံးဖြစ်ပြီး 90 ရာနှုန်းအောက်ရောက်လေ #တိကျမှုလျော့သွားလေဖြစ်ပါတယ်။

ဟုတ်ပြီ Hypoxia လို့ခေါ်တဲ့ သွေးထဲအောက်ဆီဂျင်ပမာဏလျော့ကျလာရင်ဘယ်လိုလုပ်မလဲ❓
SpO2 ပမာဏ 94% ရောက်ပြီဆိုတာနဲ့ အခြားအဖြေမတွေ့မခြင်း Hypoxia လို့သတ်မှတ်ပြီး လူနာရဲ့အသက်ရှုလမ်းကြောင်းထဲ အောက်ဆီဂျင်များများစီးဆင်းဖို့လိုအပ်ပါပြီ။
ဆေးရုံမှာလူနာကိုမေ့ဆေးပေးထားချိန်ဆိုရင်တော့ A B C D E ဆိုတဲ့အောက်ပါအချက်များကိုထည့်သွင်းစဉ်းစားဖို့လေ့ရှိပါတယ်။
A - airway အသက်ရှုလမ်းကြောင်း
B - breathing အသက်ရှုနေပုံ
C - circulation သွေးလည်ပတ်ပုံ (သွေးပေါင်ချိန်)၊ ECG စသည်စစ်ဆေးရန်
D - drug effect ဆေးရဲ့အကျိုးသက်ရောက်မှု
E - equipment စက်ပစ္စည်းပြဿနာ
အပေါ်ကအချက်တွေဟာ ဆရာဝန်တွေစစ်ဆေးမယ့်အချက်တွေ ဖြစ်ပေမယ့် အဲ့ဒီအထဲမှာ လူနာသောက်သုံးထားတဲ့ဆေးကြောင့်လား၊ အသက်ရှုလမ်းကြောင်းပိတ်ဆို့နေမှုရှိနိုင်သလား၊ အောက်ဆီမီတာစက်ပစ္စည်းဟာ မတိကျတာလား ထည့်စဉ်းစားသင့်လို့ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
အောက်ဆီမီတာတွေမှာပြနေတဲ့ ရေလှိုင်းလို အတွန့်အတွန့်လှိုင်းလေးတွေသွားနေတာဟာ blood perfusion ကိုပြနေတာပါ။
အကယ်လို့ vasoconstriction from cold လို့ခေါ်တဲ့ လူနာကအေးလာလို့ လက်ချောင်းထိပ်ကသွေးကြောမျှင်လေးတွေထဲသွေးရောက်တာနည်းနေရင် သို့တည်းမဟုတ် ကိုယ်ခန္ဓာထဲမှာသွေးလည်ပတ်မှုလျော့နည်းနေရင် မြင်နေရတဲ့လှိုင်းလေးတွေပုံပြောင်းသွားမှာဖြစ်ပါတယ်။
ဥပမာ - လူနာကသွေးထွက်လွန်နေလို့ရှိရင်၊ ရေဓာတ်ဆုံးရှုံးတာများနေရင် နှလုံးခုန်နှုန်းမြန်ပြီး လှိုင်းကလေးတွေသေးပြီးမြန်မြန်သွားနေမှာဖြစ်ပါတယ်။
ဒါဟာအကြမ်းဖျင်းသိထားပြီး တစ်ခုခုဆိုရင် ဆရာဝန်ကိုဖုန်းဆက်ရင် ထည့်သွင်းပြောပြနိုင်ဖို့ ဗဟုသုတအနေနဲ့ပြောပြတာဖြစ်ပါတယ်။
အရေးအကြီးဆုံးက 94% အောက်ရောက်ရင် အရေးပေါ်အခြေအနေဖြစ်ပြီဆိုတာနဲ့ တိုင်းတာတဲ့အောက်ဆီမီတာကောင်းဖို့လိုကြောင်းပြောကြားလိုပါတယ်။
ပုံထဲမှာ ကျနော်တိုင်းနေတဲ့အောက်ဆီမီတာတွေဟာ +/- 2% လို့ဆိုပါတယ်။ ဟုတ်မဟုတ်မသိပါ။ ကျနော်ဝယ်တာ စင်ကာပူဒေါ်လာ 30 လောက်ကျပါတယ်။ Singapore Amazon မှဝယ်တာပါ။
အဲ့မှာလည်း အလိမ်တွေအများကြီးပါ။ feedback တွေလိုက်ဖတ်ရပါတယ်။ OMERON ဆိုပြီးလိမ်စားနေသူတွေအများကြီးပါ။
ဒါလောက်ဆိုရင် အောက်ဆီမီတာနဲ့ပတ်သက်လို့အထိုက်အလျောက်သိကြပြီလို့ထင်ပါတယ်။
လူနာမှာလက်ချောင်းလေးတွေတစ်ခုခုကြောင့်မရှိခဲ့ရင် #ခြေချောင်းလေးတွေမှာတိုင်းလို့ရပါတယ်။
⚠️ အတွင်းမှမီးအနီရောင်ကိုမကြည့်မိပါစေနှင့်။
အောက်ဆီမီတာအကြောင်းအသေးစိတ်နားလည်လိုသူများ အပေါ်ကလင့်မှာဖတ်နိုင်ပါတယ်။
ကျနော်ဝယ်တာ +/- 2% ပါ။ ဘရန်တူအမျိုးအစားတူမှာတောင် +/- 3% ရှိပါတယ်။
+/- 2% ဆိုရင်တောင် 94% လူနာမှာ 92% လာ တကယ် 94% လား 96% လားဖြစ်နေလားမကွဲပြားတော့ပါ။

8-July-2021

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...