Skip to main content

ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (6.7.21)

🚩🚩🚩1. ကိုဗစ်ကာကွယ်ဖို့ ဘာဆေးတွေ သောက်ရမလဲ?

- ကာကွယ်ဆေး (Vaccine) မှအပ ကိုဗစ်ရောဂါကို ကာကွယ်ဖို့အတွက် သောက်ဆေးမရှိပါ။ ပိုးသတ်ဆေး (antibiotics) များသည် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကိုပဲ ကုသနိုင်ပါသည်။ (ဗိုင်းရပ်စ်ပိုးဖြစ်သော ကိုဗစ်ပိုးကို မသေစေပါ)

- ရောဂါကာကွယ်ဖို့အတွက် လက်တွေ့ပြုလုပ်ရန်မှာ ကိုယ်ခံအားမြင့်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။ အိပ်ရေးဝဝအိပ်ပါ၊ သားငါးသီးရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။

- ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။

🚩🚩🚩2. အားဆေးတွေ ဖြစ်တဲ့ Multivitamin တို့၊ Vitamin C တို့ သောက်ရမလား? အသောက်များတဲ့ တံဆိပ်ညွှန်းဆိုပေးပါ။

- ဤဆေးများသည် ဖြည့်စွက်ဓာတ်စာသဘောသာ ဖြစ်ပါသည်။ ကိုဗစ်ကာကွယ်နိုင်တယ်လို့ တိတိပပ အထောက်အထား မရှိသောကြောင့် သောက်ခြင်း၊ မသောက်ခြင်းသည် မိမိသဘောသာ ဖြစ်ပါသည်။

- ပုံမှန်အားဖြင့် အစာအာဟာရဓာတ်စုံလင်မျှတစွာ စားနိုင်သူတစ်ယောက်အဖို့ အားဆေးမလိုအပ်ပါ။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အာဟာရဓာတ်ချို့တဲ့သူများ၊ ရောဂါကြောင့် အူလမ်းကြောင်းမှ အာဟာရဓာတ် ကောင်းစွာ မစုပ်ယူနိုင်သူများသာ အားဆေးလိုအပ်ပါသည်။

- အားဆေးတံဆိပ်အများအပြားရှိသည့်အတွက် တိတိပပတော့ မညွှန်းဆိုနိုင်ပါ။ သောက်သည့်တံဆိပ်အလိုက် ဆေးအကြိမ်အရေအတွက် ကွာနိုင်ပါသည်၊ မသောက်မီ ဆေးအကြောင်း နားလည်တတ်ကျွမ်းသူ ဆရာဝန်များနှင့် တိုင်ပင်ပါ။ အလွန်အကျွံမသုံးစွဲရန် သတိပြုပါ။ (ဥပမာ - လူကြီးတစ်ယောက်အတွက် Vitamin C 500 mg ပါသော ဆေးပြားဆိုလျှင် တစ်နေ့ တစ်ကြိမ်၊ 100 mg သာ ပါသော ဆေးပြားဆိုလျှင် တစ်နေ့ နှစ်ကြိမ်သောက်လျှင် လုံလောက်ပါသည်) (မှတ်ချက်။ လူကြီးတစ်ယောက်အတွက် နေ့စဥ် Vitamin C လိုအပ်ချက်မှာ 65-90 mg မျှသာ ဖြစ်ပါသည်)

🚩🚩🚩3. အစာအိမ်ရောဂါအခံရှိတဲ့သူ Vitamin C တို့၊ Vitamin D တို့ သောက်လို့ရပါသလား?

- ပုံမှန် dose အတိုင်း သောက်လို့ရပါတယ်၊ သို့သော် သောက်၍ ဗိုက်နာ၊ အော့အန်ပါက ဆရာဝန်နှင့် ပြန်တိုင်ပင်ပါ။

🚩🚩🚩4. ကျောက်ကပ်ကျောက်တည်ဖူးသူ Vitamin C သောက်လို့ရပါသလား?

- 100 mg တစ်နေ့ ၂ ကြိမ်သောက်နိုင်ပါတယ်၊ dose များများတော့ မသောက်သင့်ပါ။

🚩🚩🚩5. အားဖြည့်အစားအစာတွေ ပြောပြပေးပါ။

- ချဥ်၍ အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝသော သစ်သီးများ (ဥပမာ - လိမ္မော်၊ သံပုရာ၊ ကမ္ဗလာ)

- အစိမ်းရောင်ရှိပြီး သံဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ (ဥပမာ - ကန်စွန်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း)

- ကိုယ်ခံအားမြင့်တက်စေသော နေ့စဥ်ဟင်းချက်ဖွယ်များ (ကြက်သွန်ဖြူ/နီ၊ ဂျင်း၊ နနွင်း)

- Vitamin E ကြွယ်ဝသော အစေ့အဆန်အမျိုးမျိုး (ဥပမာ - နေကြာစေ့၊ သီဟိုစေ့၊ သစ်ကြားစေ့)

- သွပ်ဓာတ် (Zinc) ပါသော အခွံမာပင်လယ်စာများ (ဥပမာ - ပုစွန်၊ ဂဏန်း၊ ဂုံးယောက်)

- အခြား သားငါးအမျိုးမျိုးတို့ကို သင့်တင့်မျှတအောင် စားသုံးပေးပါ။

🚩🚩🚩6. တမာရွက်၊ ဂျင်းပြုတ်ရည်တွေက ကိုဗစ်ကို ကာကွယ်နိုင်သလား?

- မကာကွယ်နိုင်ပါ။

🚩🚩🚩7. ဂျင်းပြုတ်ရည်ညတိုင်းသောက်လို့ မိတ်ထွက်၊ လည်ချောင်းတွေ နာနေပါတယ်၊ ဆိုင်ပါသလား?

- ဂျင်းသည် အပူဓာတ်စာဖြစ်တဲ့အတွက် သက်ဆိုင်နိုင်ပါတယ်၊ ဆက်မသောက်သင့်ပါ။

🚩🚩🚩8. Dettol (သက်မဲ့အရာဝတ္ထု၊ မျက်နှာပြင်ပိုးသတ်ဆေးရည်) သည် ကိုဗစ်ကို သေစေပါသလား?

- ကိုဗစ်အတွက် Dettol သုံးရန် WHO မှ လမ်းညွှန်ထားခြင်း မရှိပါ။

- အစွန်းချွတ်ဆေး (bleaching powder) နှင့် ရေအချိုးကျရောစပ်၍ ရသော 0.1% ပါသည့် ကလိုရင်းဆေးရည်ဖြင့်သာ မျက်နှာပြင်များကို ပိုးသတ်နိုင်ပါသည်။

🚩🚩🚩9. Mask ၂ ထပ်တပ်ဖို့ လိုအပ်လား? N95 mask နှင့် ရိုးရိုး surgical mask ဘယ်ဟာပိုလုံခြုံလဲ?

- ယခုနောက်ပိုင်း အမေရိကန် CDC မှ mask ၂ ထပ်တပ်ရန် အကြံပြုထားသည်ကို တွေ့ရပါသည် (WHO မှ သီးခြားအကြံပြုသည်ကို မတွေ့ရပါ) Mask ၂ ထပ်တပ်ခြင်းသည် ကာကွယ်မှုရာခိုင်နှုန်းအားဖြင့် အနည်းငယ်ပိုများစေသည်မှာ မှန်သော်လည်း ပို၍ အဓိက ကျသည်မှာ မှန်ကန်သော နည်းလမ်းဖြင့် mask တပ်ဆင်ခြင်းနှင့် မိမိမျက်နှာနှင့် အံဝင်ခွင်ကျ (fitting) တပ်ဆင်ခြင်း ဖြစ်ပါသည်။

- Mask ၂ ထပ်တပ်မည်ဆိုပါက အတွင်းတွင် ကျန်းမာရေးဝန်ထမ်းသုံး surgical mask နှင့် အပြင်တွင် အဝတ် mask ဖြစ်ရပါမည်။

- N95 mask ဆိုလျှင်‌တော့ သူ့တစ်ခုတည်းသာ ဝတ်ဆင်ရပါမည်။

- N95 mask ဝတ်ဆင်ရသူများမှာ ဆေးရုံ၊ ဆေးခန်းများ၌ ရောဂါပိုးနှင့် ကင်းကွာ၍မရသော ကျန်းမာရေးဝန်ထမ်းများသာ ဖြစ်ပါသည်။ သာမာန်ပြည်သူများအနေနှင့် surgical mask (သို့မဟုတ်) အဝတ် mask တပ်ဆင်ရပါမည်။

https://www.facebook.com/ckcmohnugmm/posts/106810351671220 

🚩🚩🚩10. ကိုဗစ်ဖြစ်ရင် ဖျား၊ အနံ့ပျောက်ပြီးရင် oxygen ကျလာတတ်တယ် တွေ့မိလို့ မကျအောင် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်သင့်လဲ? ဘယ်လိုဆေးဝါး အစားအစာတွေ စားသင့်လဲ?

- ကိုဗစ်ဖြစ်တဲ့ လူတိုင်းမှာတော့ oxygen မကျပါ။ ပိုးကူးခံရသူအများစုမှာ ရောဂါလက္ခဏာမပြခြင်း၊ ပြသော်လည်း လက္ခဏာ မပြင်းထန်ပါ။

- ဆေးဝါး၊ အစားအစာအတွက် မေးခွန်း ၂ နှင့် ၅ ရှိအဖြေကို ညွှန်းဆိုပါသည်။

🚩🚩🚩11. Positive ထွက်ထားတဲ့ လူနာရဲ့ စွန့်ပစ်ပစ္စည်း (ဥပမာ - အစားအကြွင်းအကျန်၊ ရေဘူးခွံ၊ tissue) တွေကို ဘယ်လို စွန့်ပစ်သင့်လဲ? အမှိုက်ကားနဲ့ ထည့်ပေးရင် အမှိုက်ကားပေါ်က လူကို ကူးနိုင်မလား?

- အသုံးပြုပြီးသား Tissue များစွန့်ပစ်ရာတွင် အဖုံးပါသော အမှိုက်ပုံးထဲသို့ ချက်ချင်း စွန့်ပစ်ပါ။ ကျန်အမှိုက်များကို အမှိုက်အိတ်နဲ့လုံအောင် စနစ်တကျထုတ်ပြီးမှ စွန့်ပစ်ပေးပါက စည်ပင်ဝန်ထမ်းများသို့ မကူးစက်နိုင်ပါ။

- ဖြစ်နိုင်လျှင် ပိုးတွေ့လူနာရဲ့ စွန့်ပစ်ပစ္စည်းများအတွက် သီးခြားအမှိုက်ပုံး ထားရှိပါ။

- အမှိုက်များကို ကိုင်တွယ်စွန့်ပစ်ပြီးတိုင်း လက်ဆေးဖို့ မမေ့ပါနှင့်။

🚩🚩🚩12. ပိုးတွေ့ထားတဲ့သူနဲ့ ဘယ်နှရက်နေမှ ထိတွေ့သင့်ပါသလဲ?

- Covid test positive ထွက်ပြီးသည့်နေ့ (သို့မဟုတ်) ရောဂါလက္ခဏာစပြသည့်နေ့မှစ၍ အနည်းဆုံး ၁၀ ရက်ကြာသည်အထိ မိမိဘာသာ တစ်ယောက်တည်း သီးသန့်နေဖို့ လိုအပ်ပါသည်။

- ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။

- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့ လိုပါသည်။

🚩🚩🚩13. ဆေးဖျန်းထားတဲ့ အခန်းကို ချက်ချင်းအသုံးပြုလို့ ရပါသလား?

- ပိုးသတ်ဆေးနှင့် မျက်နှာပြင်ထိတွေ့ချိန် အနည်းဆုံး ၁ မိနစ်ရှိပြီးမှသာ အသုံးပြုပါ။


Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...