Skip to main content

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (30.7.21)



🚩🚩🚩1. Covid ဖြစ်ပြီးရင် နောက်ဆက်တွဲအနေနဲ့ မျက်လုံးကို ထိခိုက်မှုတွေ ဘာရှိနိုင်လဲရှင်။ 

Δ ဖြေ။ လေ့လာမှုများအရ မျက်စိအပေါ်ယံအမြှေးပါးအလွှာ ခြောက်သွေ့ခြင်းပြဿနာကို ကြုံတွေ့ရနိုင်ကြောင်းဆိုပါတယ်။ ၎င်း၌ မျက်စိယားယံခြင်း၊ ခို့လို့ခုလု ခံစားရခြင်း၊ မျက်စိနီရဲခြင်း၊ အလင်းရောင်ကို မခံနိုင်ခြင်း တို့ ခံစားရတတ်ပါတယ်။ 

ရောဂါပြင်းထန်စွာ ခံစားခဲ့ရပြီး စတီးရွိုက်ဆေးများဖြင့် ကုသမှု ခံယူခဲ့ရသူများတွင် ရောဂါမှ သက်သာပြီး ၁၂ ရက်မှ ၁၅ ရက်အကြာ၌ မျက်စိ၊ နှာခေါင်းနှင့် နားအတွင်းတို့၌ ရှားပါးမှိုစွဲသည့် ရောဂါခံစားရတတ်ကြောင်း အိန္ဒိယရှိ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ၎င်း၌ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်လုံး ရောင်ခြင်း၊ နာကျင်ခြင်း၊ အပေါ်ဘက်မျက်ခွံတွဲကျခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိကွယ်ခြင်းတို့ ခံစားရတတ်ပါတယ်။ 

အချို့သူများတွင် မျက်လုံးအမြင်လွှာသို့ ထောက်ပံ့သော သွေးကြောမွှာလေးအတွင်း သွေးခဲမှုကြောင့် အမြင်အာရုံဆုံးရှုံးမှု ဖြစ်နိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။

🚩🚩🚩2. မိသားစု 4 ယောက် 2ရက် အားလုံးဖျားကြတာ နောက်ရက်ကြတော့ အနံ့‌တွေအားလုံး မရတော့ပါ။ နောက် 4ရက်မြောက်နေ့မှာtest စစ်ကြည့်တော့ Positive က တယောက်ပဲတွေ့တယ်။ ကျန် 3 ယောက်ကျ အနံ့တွေလည်းအားလုံးပြန်ရတယ်။ မိသားစုအားလုံး isolation 14 ရက်ခွဲ နေပါတယ်။ မေးချင်တာက ကျန် 3 ယောက်က အရင်ကတည်းက ပိုးကဝင်နေထားပီးတော့ ကိုယ်ခံအားကောင်းနေလို့များ ရက်ပိုင်းပဲဖျား၊ ရက်ပိုင်းပဲအနံ့ပျောက်တာလား။ isolation 14 အတွင်းလည်းဘာလက္ခဏာမှ ထပ်မပြပါဘူး။ 

Δ  ဖြေ။ တစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာ ခံစားရပုံခြင်း မတူညီ ကွဲပြားနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရပြီးနောက် လက္ခဏာစတင် ပြသခြင်းသည် အများစု၌ ၄ ရက်မှ ၅ ရက်အတွင်းတွင်ဖြစ်သော်လည်း အချို့တွင် ၂ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ကိုယ်ခံအားအခြေအနေ၊ အခြားရောဂါများရှိမရှိ၊ ရောဂါပိုးဝင်ရောက်မှု အခြေအနေတို့ပေါ်တွင် မူတည်နိုင်ပါတယ်။ 

🚩🚩🚩3. ကိုဗစ်အပျော့/အလတ်/အပြင်းစားကွာခြားသွားရခြင်းမှာ ပိုးအမျိုးအစားမတူညီလို့လား။ စဝင်ဝင်ချင်းပိုးကောင်ရေကွာခြားခြင်းကြောင့်လား။ ကိုယ့်ရဲ့ခုခံအားစနစ်ကွာခြားခြင်းကြောင့်လားဆို တဲ့အချက်လေးကျေးဇူးပြု၍ ဖြေကြားပေးပါဗျာ။ 

Δ ဖြေ။ အသက်အရွယ်၊ ကိုယ်ခံအားအခြေအနေ၊ အခြားရောဂါအခံများရှိမရှိ၊ ရောဂါပိုးဝင်ရောက်မှု အခြေအနေတို့ပေါ်တွင် မူတည်နိုင်ပါတယ်။ 

🚩🚩🚩4. Positive ဖြစ်ပီး ၁၄ရက်ခွဲနေပီးတော့ လက္ခဏာအကုန်ပြန်ကောင်းလာပါတယ်။ 21 ရက်မြောက်နေ့မှ သီးသန့်ခွဲနေတာ ထွက်ဖို့လုပ်ထားပါတယ်။ အခု 21ရက်မြောက်နေ့မှာ ပြန်ဖျားပြီး ခြေဖျားများ ပြန်ကိုက်လာပါတယ်.။.ချောင်းခြောက်လဲ အနည်းငယ်ဆိုးပါတယ်။..အဲ့ဒါက ရှိပြီးသား ရောဂါ မပျောက်သေးတာလား ။  positive ပြန်ပြတာလား သိချင်ပါတယ်။  21 ရက်ပြည့်တော့ အိမ်ကလူတွေနဲ့ အရင်အတိုင်း ပြန်နေလို့ ရ မရလဲ သိချင်ပါတယ်။  positive ပြန်ဖြစ်တာဆိုရင်ရော နောက်ထပ် သီးသန့်၁၄ရက် ခွဲနေရမှာပါလား။ 

Δ ဖြေ။ ပထမတစ်ကြိမ်ဖြစ်ခြင်းသည် ကိုဗစ်-နိုင်တင်းဖြစ်ခြင်း သေချာပါက ရောဂါလက္ခဏာများမှ သက်သာလာပြီး ၂၁ ရက်မြောက်နေ့မှ ပြန်ဖြစ်ခြင်းသည် ကိုဗစ်၏ နောက်ဆက်တွဲ လက္ခဏာများ ခံစားရခြင်း ဖြစ်နိုင်ပါတယ်။ ၎င်းကြောင့်ဖြစ်ပါက ကူးစက်နိုင်သည့် အန္တရာယ်မရှိသဖြင့် သီးခြားခွဲနေရန် မလိုအပ်ပါ။ နောက်ဆက်တွဲလက္ခဏာများနှင့် ပတ်သက်၍ အောက်ပါပို့စ်၏ မေးခွန်း (၁)တွင် ဖတ်ပေးပါ။  https://www.facebook.com/ckcmohnugmm/posts/119130873772501  

အကယ်၍  ပထမတစ်ကြိမ်ဖြစ်ခြင်းသည် ကိုဗစ်-နိုင်တင်းဖြစ်ခြင်း သေချာမှု မရှိပါက ၂၁ ရက်မြောက်နေ့မှ ရောဂါလက္ခဏာများ ခံစားရခြင်းသည် ကိုဗစ်ရောဂါပိုး ကူးစက်ခံရခြင်း ဖြစ်နိုင်သဖြင့် မိသားစုနှင့် သီးခြား ခွဲနေထိုင်ရန် ထပ်မံလိုအပ်မည် ဖြစ်ပါတယ်။ 

🚩🚩🚩5. Positive ဖြစ်ပြီး အခု 21ရက် ကျော်ပါပြီ။ 21ရက်ကျော်ပြီး စစ်ကြည့်တဲ့အခါမှာ Negative တော့ ပြပါတယ်။ ဒါပေမဲ့ ခု ကိုယ်လက်တွေ ပြန်ကိုက်လာပါတယ်။ လည်ချောင်းယားပြီး ချောင်းပြန်ဆိုးလာပါတယ်။ အဲ့ဒါက ရှိပြီးသား ရောဂါ မပျောက်သေးတာလား။ positive ပြန်ပြတာလား သိချင်ပါတယ်။ 21 ရက်ပြည့်တော့ အိမ်ကလူတွေနဲ့ အရင်အတိုင်း ပြန်နေလို့ ရ မရလဲ သိချင်ပါတယ်။ 

Δ ဖြေ။ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာများ ခံစားရခြင်း ဖြစ်နိုင်ပါတယ်။ ကူးစက်မှု မရှိနိုင်တော့သဖြင့် မိသားစုနှင့် အရင်အတိုင်း ပြန်နေနိုင်ပါတယ်။ နောက်ဆက်တွဲလက္ခဏာများနှင့် ပတ်သက်၍ အောက်ပါပို့စ်၏ မေးခွန်း (၁)တွင် ဖတ်ပေးပါ။  https://www.facebook.com/ckcmohnugmm/posts/119130873772501  

🚩🚩🚩6. စဖြစ်ကတည်းက ညောင်းတာကိုက်တာပဲ ဖြစ်တာပါ။  မဖျားပါဘူး။ ချောင်းမဆိုးဘူး။ နှာစေးတာတော့ နည်းနည်းဖြစ်တယ်။ အနံ့အရသာမပျောက်ဘူး။ အခုကDay 10ရှိပါပြီ။ SpO2က အခုချိန်ထိတော့ ကောင်းပါ‌တယ်။ Day 5လောက်ကနေ အခုထိ နောက်ကျော ညာဘက် လက်ဖျံနားက အောင့်မျက်မျက်ဖြစ်နေလို့ပါ။ တအားနာတာ‌တော့မဟုတ်ပါဘူး။ အများပြောနေသလို မဖျား အနံ့မပျောက်ဘဲ ကိုယ်လက်ညောင်းကိုက် ကျောတွေ‌နာတာဆို အဆုတ်ကို ပိုးက တိုက်ရိုက်ထိလို့ SpO2တန်းကျပြီး အသက်ဆုံးတယ်ဆိုတာဟုတ်လား။ 

Δ ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ အဆုတ်ထိခိုက်ခြင်းဖြစ်ပါက အသက်ရှုရခက်ခြင်း၊ မောခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ခံစားရနိုင်ပါတယ်။ သို့ရာတွင် ကိုဗစ်နိုင်တင်း ရောဂါ၏ ထူးခြားချက်တစ်ခုအနေဖြင့် အချို့လူနာများတွင် သွေးတွင်းအောက်ဆီဂျင် လျော့နည်းနေသော်လည်း အသက်ရှုကြပ်ခြင်း လက္ခဏာများ ခံစားရလေ့မရှိသည်ကိုလည်း တွေ့ရှိရပါတယ် (silent hypoxia)။  လေ့လာတွေ့ရှိချက်များအရ ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။  ၁၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှုခံယူရလေ့ရှိပါတယ်။  ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများခံစားရလေ့ရှိပြီး အသက်ရှူစက် အသုံးပြုရသည့် ကုထုံးများဖြင့် ကုသမှု ခံယူရလေ့ရှိကာ အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။

🚩🚩🚩7. Covid ဖြစ်ပြီး သွေးခဲတဲ့ လက္ခဏာတွေက ဘယ်လိုပါလဲ။ ကျွန်မက အခု စဖျားတဲ့ရက်ကနေ ၁၆ ရက်နဲ့ အနံ့ပြန်ရတာ ၆ ရက်ရှိပါပြီ။ ကျန်တာတွေ သိပ်မခံစားရတော့ဘဲ ညာဘက်ခေါင်းတစ်ခြမ်းနဲ့ နားထင်ရိုးတစ်လျှောက်ကို လေးတဲ့အရာဝတ္ထုနဲ့ဖိထားသလို ခေါင်းခဲသလိုဖြစ်နေလို့ပါရှင်။ အဲဒါသွေးခဲတဲ့လက္ခဏာလို့ဆိုနိုင်ပါလား။ ဘာဆေးသောက်ရမလဲရှင့်။ 

Δ  ဖြေ။ သွေးခဲခြင်းလက္ခဏာများအနေဖြင့် ခြေထောက်အတွင်းပိုင်းသွေးပြန်ကြောများတွင် သွေးခဲခြင်းဖြစ်ပါက ခြေသလုံးများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့ ခံစားရနိုင်ပြီး အဆုတ်သွေးကြောများတွင် သွေးခဲခြင်းဖြစ်ပါက အသက်ရှုရခက်ခဲခြင်း၊ မောခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း၊ နှလုံးသွေးကြောတွင် ဖြစ်ပွားပါက ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ဦးနှောက်သွေးကြောတွင် ဖြစ်ပွားပါက လေဖြတ်ခြင်း တို့ခံစားရနိုင်ပါတယ်။ ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲ လက္ခဏာများတွင်လည်း ခေါင်းကိုက်ခြင်းများ ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲလက္ခဏာများနှင့် ပတ်သက်၍ အောက်ပါပို့စ်၏ မေးခွန်း (၁)တွင် ဖတ်ပေးပါ။  https://www.facebook.com/ckcmohnugmm/posts/119130873772501 

🚩🚩🚩8. Covidဖြစ်လို့အခန်းခွဲနေတာ 21ရက်ရှိပါပြီ။ ကျန်တာဘာတော့မဖြစ်‌တော့ပေမယ့် အနံပြန်မရသေးပါဘူးရှင့်။ အချဉ်အစပ်အနံမွန်း ထူးရွှေဝါ အဘထ မဟာဖြေဆေး ရေမွေးနံ့နည်းနည်းတွေတော့ရပါတယ်။ အနံပြန်ရမှပဲ အိမ်ကလူတွေနဲ့ အတူနေထိုင်စားသောက်ရမှာလားရှင့်။ 

Δ ဖြေ။ ကျေးဇူးပြု၍ အောက်ပါပို့စ်၏ မေးခွန်း (၁) အဖြေကို ဖတ်ရှုပေးပါ။ 

https://www.facebook.com/ckcmohnugmm/posts/114695097549412 

🚩🚩🚩9. covid ဖြစ်ပြီး ဘယ်နှစ်ရက်လောက်ထိသွေးခဲခြင်းအတွက် စိုးရိမ်ရသေးလဲ ခင်ဗျ။

Δ ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာများ စတင်ခံစားရပြီး ဒုတိယအပတ်တွင် အောက်ဆီဂျင်ကျဆင်းခြင်း၊ အသက်ရှုခက်ခဲခြင်းစသည့် ပြင်းထန်သော ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပြီး ခန္ဓာကိုယ်နေရာအနှံ့သွေးကြောများအတွင်း သွေးခဲခြင်း၊သွေးပြန်ကြောများတွင် သွေးခဲခြင်းနှင့် အဆုတ်သွေးကြောများတွင် သွေးခဲခြင်း အန္တရာယ်တို့ရှိပါတယ်။  ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ဒုတိယပတ်ကျော်သည်အထိ ထို့ထက်ပြင်းထန်သော ရောဂါလက္ခဏာများကို ဆက်လက်ခံစားရပြီး အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။ ထို့အပြင် ကိုဗစ်မှ သက်သာလာသူအချို့တို့တွင်လည်း နောက်ဆက်တွဲ သွေးခဲခြင်းပြဿနာများကို လအနည်းငယ်ကြာသည်အထိ ကြုံတွေ့ရနိုင်ပါသေးတယ်။

#CovidClinicalFeatures

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...