Skip to main content

ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (30.7.21)

 


#Isolation&Quarantine

=================================

🚩🚩🚩1. "အချိန်ရရင် ဖြေ ပေးပါရှင်။ ခု ပြောဆိုငြင်းခုန်နေကြ တဲ့ ကြက်ပေါင်း၊ ငှက်သိုက် ကိစ္စလေးပါ။ ဘာမှ စားမဝင်တဲ့ လူနာတွေကို Brand ကြက်ပေါင်း ငှက်သိုက် အများစုက တိုက် ကြတာပေါ့၊ သဘာဝ ကြက်ပေါင်းကို ပေါင်းချိန်မရလို့လည်းကောင်း၊ ပေါင်းမဲ့သူမရှိတာလည်း ဖြစ်နိုင်တာမို့ မျိုချရအလွယ်ဆုံး အနည်းဆုံးပမာဏမို့ အားကိုးတကြီး တိုက်ကြပါတယ်။ ထို ကြက်ပေါင်း ငှက်သိုက်များသည် လူနာမှာ ဘယ်လို အာနိသင်အကျိူး မရနိုင်တာလား? သို့တည်းမဟုတ် ဝေဒနာသည်အတွက် အာဟာရအနည်းငယ် ဖြစ်စေနိုင်လား ဆိုတာလေး သိပါရစေရှင်။ ဘာအကျိုးမှ သက်ရောက်မှု မရှိဘူးလို့ ဝေဖန်သံတွေ ဆူညံနေလို့ပါ ဆရာ။ အယူဆအလွဲတွေများဖြစ်ရင် ရှင်းပြပေးပါရှင်။"

- အဆင်သင့်ပေါင်းပြီး လာတဲ့ ကြက်ပေါင်းဘူး၊ ငှက်သိုက်များတွင် အာဟာရဓာတ်များ များစွာ ပါသည်မှာ မှန်ပါသည်။ သို့သော် အလားတူ အာဟာရများကို ကိုယ်တိုင်ပေါင်းသော ကြက်ပေါင်း၊ အရိုးပြုတ်ရည်နှင့် နေ့စဥ် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်နေသည့် ဟင်းလျာများမှ ရရှိနိုင်သည်ကိုလည်း သတိပြုရပါမည်။ #ဈေးတန်ဖိုးလည်းကြီးမားလှသောကြောင့် မလိုအပ်ဘဲ ဆေးအတွက် မလေးစေချင်ပါ။

- ထိုကြက်ပေါင်း၊ ငှက်သိုက်များကို လူနာအား တိုက်နိုင်သော်လည်း ထိုအရာများသည် ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေး၊ ကုသမှုတွင် သုံးသည့်ဆေးများကဲ့သို့ အားထားရမည့် အရာမဟုတ်ပါ။ လူနာအာဟာရအတွက် ထိုအရာများ #မဖြစ်မနေသောက်မှအားရှိမည်ဟူ၍မဟုတ်ပါ။

- ထို့အပြင် ငှက်သိုက်တွင် ပစ္စည်းမသန့်၍ မှိုကဲ့သို့သော အညစ်အကြေးများ စွဲကပ်နေနိုင်ခြင်း၊ အချို့သူများတွင် ငှက်သိုက်နှင့် ဓာတ်မတည့်မှုဖြစ်ခြင်းတို့ ရှိနိုင်သည်ကိုလည်း သတိချပ်စေလိုပါသည်။

🚩🚩🚩2. mask နဲ့ ပတ်သက်ပြီး သိချင်လို့ပါ ခင်ဗျ။ ဖြေပေးပါဦးဗျ surgical mask ရော N 95, KN 95 တို့လို့ နံပါတ်စဥ်ထားပြီး လေးရက်တစ်ခါ လှည့်လည်သုံးစွဲလို့ ရနိုင်သလား ခင်ဗျ?

- Surgical mask များသည် တစ်ခါသုံး mask (#DisposableMask) များသာ ဖြစ်ပါသည်။

❌ အထူးသဖြင့် လူများသော နေရာများသွားထားလျှင်သော်လည်းကောင်း၊ ဆေးရုံ ဆေးခန်းပတ်ဝန်းကျင်သို့ သွားထားလျှင်သော်လည်းကောင်း နောက်တစ်ကြိမ် ပြန်သုံးဖို့ မသင့်ပါ။

👉 ယခုအချိန်သည် ကိုဗစ်ရောဂါလည်း နေရာအနှံ့ အဖြစ်များနေသည့်အတွက် အကောင်းဆုံးမှာ surgical mask တစ်ခုကို တစ်ကြိမ်ပဲ ဝတ်ဆင်၍ အသုံးပြုပြီးပါက အဖုံးပါသော အမှိုက်ပုံးထဲသို့ စွန့်ပစ်သင့်ပါသည်။ ဤသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ လမ်းညွှန်ချက်လည်း ဖြစ်ပါသည်။

✨✨✨ အကယ်၍ surgical mask ကို (ဥပမာ - mask မလုံလောက်သောကြောင့်) မဖြစ်မနေ ပြန်လည်သုံးစွဲလိုပါက အောက်ပါအချက်များကို #တိကျစွာလိုက်နာပေးပါ။

၁. Mask မချွတ်ခင် ဆပ်ပြာနှင့်ရေ (သို့မဟုတ်) အနည်းဆုံး Alcohol 60% ပါသည့် ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ကို စနစ်တကျ ဦးစွာဆေးပါ။

၂. Mask ချွတ်သည့်အခါ အပြင်မျက်နှာပြင်ကို မထိမိစေဘဲ နားရွက်ချိတ်သည့် ကြိုးကိုသာ ကိုင်၍ ချွတ်ပါ။

၃. Mask ၄ ခုကို နံပါတ်စဥ် ၁ မှ ၄ တပ်၍ နံပါတ်စဥ်အတိုင်း ၄ ရက်တစ်ခါ လှည့်သုံးနိုင်ပါသည်။ သုံးပြီးသော mask ကို အခန်းအပူချိန်၌ သန့်ရှင်းသော နေရာတစ်ခုတွင် ခြောက်သွေ့၍ လေလုံသော စက္ကူအိတ် (သို့မဟုတ်) စာအိတ်ဖြင့် သိမ်းနိုင်ပါသည်။ (ပလတ်စတစ်အိတ်နှင့် သိမ်းပါက ရေငွေ့ရိုက် အစိုပြန်နိုင်သောကြောင့် မသိမ်းသင့်ပါ) (ယေဘုယျအားဖြင့် Mask ပေါ်ရှိ ကိုဗစ်ရောဂါပိုးအားလုံးသည် ၃ ရက် ကြာလျှင် သေပြီးဟု ယူဆသောကြောင့် ဤနည်းကို သုံးနိုင်ပါသည်။)

၄. နောက်တစ်နည်းအနေဖြင့် surgical mask ကို မုန့်ဖုတ်စက် (oven) တွင် အပူချိန် 70⁰C (158⁰F) ထားပြီး မိနစ် ၆၀ ကြာ အပူပေး၍ ပိုးသတ်နိုင်ပါသည်။ (သစ်သားတန်းတစ်ခုတွင် mask များချိတ်ဆွဲကာ အောက်ခံ မီးအပူပေးသည့် ကွိုင်နှင့် အနည်းဆုံး ၆ လက်မ အကွာထားရပါမည်)

၅. အားလုံးပြီးဆုံးသည့်အခါ စနစ်တကျ လက်ပြန်ဆေးဖို့ မမေ့ပါနှင့်။

၆. ပြန်သုံးသည့် mask များကို မိမိမှလွဲ၍ အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုရပါ။

၇. သိသာစွာ ပေါက်ပြဲ ပုံပျက်နေသည့် surgical mask များ၊ ညစ်ပေနေသည့် mask များကိုတော့ ပြန်လည်သုံးခြင်း #မပြုရပါ။

❌ Surgical mask များကို ဆပ်ပြာနှင့်ရေ သုံး၍ လျှော်ခြင်း အရက်ပြန်သုံး၍ ပိုးသတ်ခြင်း ပြုလုပ်ပါက ရောဂါပိုးစစ်ပေးသည့် အလယ်အလွှာပါးကလေးများကို ပျက်စီးစေနိုင်သောကြောင့် ထိုနည်းများဖြင့် ပိုးသတ်သန့်စင်ခြင်း မပြုသင့်ပါ။

🚩🚩🚩3. ကလိုရင်း (သတ်မှတ်ထားသော အချိုးအဆအတိုင်း) နဲ့ ဖျန်းပြီးရင် ဘယ်နှနာရီကြာလျှင် ပြန်ထိနိုင်၊ ပြန်အသုံးပြုနိုင်ပါသလဲ? အိပ်ရာ၊ စောင်၊ ခြင်ထောင်နဲ့ အဝတ်အစားတွေလည်း ဖျန်းလို့ပါ။ ကြမ်းခင်း နံရံတွေလည်း ဖျန်းပါတယ်။ ကလိုရင်းရဲ့ အာနိသင်က လူကို ထိခိုက်မှာ စိုးလို့ပါ။

- ကလိုရင်းဖျန်းခြင်းကို မျက်နှာပြင်များ ပိုးသတ်သန့်စင်ရာတွင်သာ သုံးပါသည်။

- အိပ်ရာ၊ စောင်၊ ခြင်ထောင်နဲ့ အဝတ်အစားများကို ကလိုရင်းဖျန်းရုံဖြင့် ပိုးသတ်သန့်စင်ရာ မရောက်သည့်အပြင် မတော်တဆရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နိုင်သောကြောင့် #မလုပ်ရပါ။ ကလိုရင်းဆေးရည်ဖြင့် စိမ်ပြီး လျှော်၍သာ ပိုးသတ်သန့်စင်ရပါမည်။

- အဝတ်အစားများကို ကလိုရင်းဆေးရည်ဖြင့် စိမ်၍ ပိုးသတ်သန့်စင်ပုံကို ဤပိုစ့် မေးခွန်း ၄ တွင် အကျယ်တဝင့် ဖတ်ပေးပါ။

https://www.facebook.com/ckcmohnugmm/posts/116394400712815 

- နေအိမ်ပိုးသတ်သန့်ရှင်းပုံကို ဤပိုစ့် မေးခွန်း ၅ တွင် အသေးစိတ် ဖတ်ရှုပေးပါ။

https://www.facebook.com/ckcmohnugmm/posts/117989200553335 

🚩🚩🚩4. Self-quarantine က 14 ရက်လား? 21 ရက်လား? ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာ။

👉 ပိုးတွေ့လူနာနှင့် ၂၄ နာရီအတွင်း ကြာချိန် ၁၅ မိနစ်နှင့်အထက် ၆ ပေအတွင်း နီးနီးကပ်ကပ်တွင် ရှိနေခဲ့ပါက ရောဂါကူးစက်နိုင်ခြေများသောကြောင့် #Quarantine ခေါ် သံသယလူနာအနေနှင့် သီးခြားခွဲနေစောင့်ကြည့်ခြင်းကို လုပ်ဆောင်ရပါမည်။ (ဥပမာ - တစ်ခါစကားပြောလျှင် ၅ မိနစ်နှင့် ၂၄ နာရီအတွင်း အချိန်ခြား၍ စုစုပေါင်း ၃ ကြိမ်မျှ ပြောခဲ့လျှင် quarantine ဝင်ဖို့လိုပါသည်)

- ပိုးတွေ့လူနာနှင့် နောက်ဆုံးထိတွေ့ခဲ့သည့် ရက်မှစ၍ ၁၄ ရက်တိုင် နေအိမ်တွင် quarantine ဝင်ရပါမည်။ ထိုသို့ သီးခြားခွဲနေစဥ်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့ပျောက်ခြင်းစသော ရောဂါလက္ခဏာများ ပေါ်လာမှု ရှိ/မရှိကို စောင့်ကြည့်ရပါမည်။

- အကယ်၍ ၁၄ ရက် သီးခြားခွဲနေစဥ် သော်လည်းကောင်း (သို့မဟုတ်) ၁၄ ရက် quarantine ပြီးဆုံးပြီးသည့်အချိန်၌ လည်းကောင်း မည်သည့်အချိန်တွင်မဆို ရောဂါလက္ခဏာတစ်ခုခု ပေါ်လာပါက နီးစပ်ရာ ဆရာဝန် (သို့မဟုတ်) ဆေးကုဌာနသို့ ဆက်သွယ်၍ ကုသမှု ခံယူရပါမည်။

- Quarantine ၁၄ ရက်ပြည့်သည်အထိ နေနိုင်သည့် အခြေအနေမရှိပါက ပိုးတွေ့လူနာနှင့် နောက်ဆုံးထိတွေ့ခဲ့သည့် ရက်မှစ၍ အနည်းဆုံးတော့ ၁၀ ရက်တိတိ သီးခြားခွဲနေရပါမည်။ (၁၄ ရက်နေနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပါသည်)

👉 ပိုးတွေ့အတည်ပြုလူနာ (သို့မဟုတ်) ကိုဗစ်ရောဂါလက္ခဏာခံစားရသူ သီးခြားခွဲနေခြင်းကိုတော့ #Isolation ဟု ခေါ်ပါသည်။

- ထိုသူများတွင်တော့ Covid test positive ထွက်ပြီးသည့်နေ့ (သို့မဟုတ်) ရောဂါလက္ခဏာစပြသည့်နေ့မှစ၍ (အနံ့ပျောက်သည်ဖြစ်စေ ဖျားသည်ဖြစ်စေ ရောဂါလက္ခဏာ အစောဆုံးပေါ်သည့်နေ့မှစ၍) အနည်းဆုံး ၁၀ ရက်ကြာသည်အထိ မိမိဘာသာ တစ်ယောက်တည်း သီးသန့်နေဖို့ လိုအပ်ပါသည်။ သာမန်ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။ (ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့ လိုပါသည်)

- ပြင်းထန်ရောဂါလက္ခဏာပြသူများ (သို့မဟုတ်) ကိုယ်ခံအားနိမ့်ကျနေသူများ (immunocompromised persons) တွင်တော့ ပို၍အချိန်ကြာကြာ isolation လုပ်ရန် လိုအပ်ပါသည်။ ထိုသူများတွင်တော့ Covid test positive ထွက်ပြီးသည့်နေ့ (သို့မဟုတ်) ရောဂါလက္ခဏာစပြသည့်နေ့မှစ၍ (အနံ့ပျောက်သည်ဖြစ်စေ ဖျားသည်ဖြစ်စေ ရောဂါလက္ခဏာ အစောဆုံးပေါ်သည့်နေ့မှစ၍) အနည်းဆုံး ရက် ၂၀ အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။ ထို့အပြင် isolation ရက်သတ်မှတ်ချက်သည် လူနာ၏ အခြေအနေ ပြင်းထန်မှုပေါ်မူတည်၍ ဆေးကုသပေးသူ ဆရာဝန်၏ အကြံပြုချက်ကိုလည်း လိုက်နာရပါမည်။

👉 #အဖြစ်များသောကိုဗစ်-၁၉ လက္ခဏာများ အနေနဲ့ကတော့ - အဖျားကြီးခြင်း (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်နှင့် အထက်)၊ အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်ပြီး ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊  ဝမ်းပျက်ဝမ်းလျှောခြင်း၊  မျက်လုံးနီရဲခြင်း၊  ခေါင်းကိုက်ခြင်း၊ အနံ့မရခြင်း၊ အရသာ မရခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းနှင့် လက်ချောင်း ခြေချောင်းများ အရောင်ပြောင်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

👉 #ပြင်းထန်တဲ့ရောဂါလက္ခဏာများ အနေနဲ့ အသက်ရှူကြပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စကားမပြောနိုင်ဖြစ်ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်ဖြစ်ခြင်းတို့ ခံစားရနိုင်ပါတယ်။ 

Ref:

https://www.cdc.gov/.../if-you-are-sick/quarantine.html (Updated Jul 29, 2021)

🚩🚩🚩5. ART ဆေးသောက်တဲ့သူနဲ့ ဆင်တုပ်ကွေးဖြစ်ဖူးတဲ့ လူတွေ ကိုဗစ်မဖြစ်ဘူးဆိုတာ ဟုတ်သလား သိချင်လို့ပါ။

- ART ဆေးသောက်သည့် HIV ပိုးကူးစက်ခံရသူနှင့် chikungunya ခေါ် ဆင်တုပ်ကွေးဖြစ်သူတို့တွင် #ကိုဗစ်မဖြစ်နိုင်ဘူးဆိုသောအထောက်အထားမရှိပါ။

- ရောဂါအခြေအနေသဘာဝချင်းရော ကူးစက်သည့် ဗိုင်းရပ်စ်ပိုးအမျိုးအစားပါ ကွာခြားသည့်အတွက်ကြောင့် #မည်သူမဆို ကိုဗစ်ရောဂါကူးစက်မှု အန္တရာယ် ရှိနေနိုင်ပါသည်။

🚩🚩🚩7. Positive ထွက်သူလူနာကို အနီးကပ်ပြုစုတဲ့ လူနာစောင့်နှင့် positive အဖြေမထွက်ခင် ပထမနေ့မှာ အတူတူ ဆိုင်ကယ်တစ်စီးနဲ့ စီးလိုက်ခဲ့ပါတယ်။ နှစ်ယောက်လုံး mask တပ်ထားပေမယ့် မနက်ပိုင်းအတူတူရှိနေတာဖြစ်လို့ ကူးစက်နိုင်ပါလား ခင်ဗျာ?

- နှစ်ဦးလုံး mask တပ်ထားသော်လည်း နီးနီးကပ်ကပ်ရှိနေသည့်အပြင် ပိုးတွေ့လူနာမှာ ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်သောကြောင့် ကူးစက်နိုင်ခြေ များပါသည်။

- အထက်ပါ မေးခွန်း ၄ ရှိအဖြေတွင် ဖော်ပြခဲ့သည့်အတိုင်း quarantine လုပ်ရန် #အလွန်အရေးကြီးပါသည်။

#CovidPrevention

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...