Skip to main content

ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (23.7.21)



🚩🚩🚩1. ဆရာဝန်တစ်ယောက်ပြောတာက KN 95 ကို တစ်ယောက်အတွက် 7 ခုလောက် ထုတ်ပြီး တစ်ခု သုံးပြီးတာနဲ့ အလုံပိတ် ဇစ်ပိတ်အိတ်ထဲထည့်ပြီး တစ်ပတ်ပြည့်ရင် ပြန်သုံးလို့ရတယ်လို့ ပြောတာ ဟုတ်လားရှင့်? ပိုးက အလုံပိတ် အိတ်ထဲ သုံးရက်ဆို သေတယ်ဆိုတာ အမှန်လား ရှင့်?

- N 95, KN 95 mask များကို အောက်ပါနည်း ၄ ခုဖြင့် ပိုးသတ်သန့်စင်၍ ပြန်လည်အသုံးပြုနိုင်ပါသည်။

👉 1. ၃ ရက် (သို့မဟုတ်) ၄ ရက်တစ်ခါ N 95 mask များကို #လှည့်သုံးခြင်း

- Mask ၄ ခုကို နံပါတ်စဥ် ၁ မှ ၄ တပ်၍ နံပါတ်စဥ်အတိုင်း ၄ ရက်တစ်ခါ လှည့်သုံးနိုင်ပါသည်။

- သုံးပြီးသော mask ကို အခန်းအပူချိန်တွင် ခြောက်သွေ့၍ လေလုံသော စက္ကူအိတ်ဖြင့် သိမ်းနိုင်ပါသည်။ (ပလတ်စတစ်အိတ်နှင့် သိမ်းပါက ရေငွေ့ရိုက် အစိုပြန်နိုင်သောကြောင့် မသိမ်းသင့်ပါ)

- ယေဘုယျအားဖြင့် Mask ပေါ်ရှိ ကိုဗစ်ရောဂါပိုးအားလုံးသည် ၃ ရက် ကြာလျှင် သေပြီးဟု ယူဆသောကြောင့် ဤနည်းကို သုံးနိုင်ပါသည်။

👉 2. N 95 mask များကို အပူချိန် 70⁰C (158⁰F) တွင် မိနစ် ၆၀ ကြာ #စက်ဖြင့်အပူပေးခြင်း

- ထိုသို့အပူပေးရန် သီးသန့်စက် (သို့မဟုတ်) ဆေးရုံတွင် စောင်အပူပေးသည့် စက်များ (ရှိလျှင်) သုံးနိုင်ပါသည်။

- သစ်သားတန်းတစ်ခုတွင် mask များချိတ်ဆွဲကာ အောက်ခံ မီးအပူပေးသည့် ကွိုင်နှင့် အနည်းဆုံး ၆ လက်မ အကွာထားကာ သတ်မှတ်အပူချိန်တွင် မိနစ် ၆၀ ကြာ အပူပေးနိုင်ပါသည်။

- ဤနည်းအားဖြင့် mask ရဲ့ ပိုးစစ်နိုင်စွမ်း (filtering efficiency) ကို 98.5% ထိန်းထားနိုင်သည်ဟု ဆိုပါသည်။

👉 3. N 95 mask များကို အပူချိန် 125⁰C (257⁰F) တွင် ရေနွေးငွေ့ဖြင့် ၅ မိနစ်ကြာ #ပေါင်းခံခြင်း

- mask ပျက်စီးနိုင်ပါသဖြင့် အချိန်ကြာကြာ မပေါင်းခံရပါ။

- ဤနည်းအားဖြင့် mask ရဲ့ ပိုးစစ်နိုင်စွမ်း (filtering efficiency) ကို 91.7% မှ 98.5% အထိ ထိန်းထားနိုင်သည်ဟု ဆိုပါသည်။

👉 4. N 95 mask များကို ရေနွေးဆူဆူတွင် ၅ မိနစ်ကြာ #ပြုတ်ခြင်း

- ကျုံ့နိုင်/ ဆန့်နိုင်သည့် နားရွက်ချိတ်သည့် ကြိုးများကိုတော့ ရေနွေးထဲ မစိမ်ရပါ။ ပြုတ်နေစဥ် အိုးကို မမွှေရပါ။

- ပြုတ်ပြီးလျှင် လေဖြင့်သာ သဘာဝအတိုင်း အခြောက်ခံရပါမည်။

- ဤနည်းအားဖြင့် mask ရဲ့ ပိုးစစ်နိုင်စွမ်း (filtering efficiency) ကို 92.4% ထိန်းထားနိုင်သည်ဟု ဆိုပါသည်။ သို့သော် ပြုတ်လိုက်သည့်အတွက် mask ၏ ပုံစံပျက်သွားပြီး မျက်နှာနှင့် အံဝင်ခွင်ကျ မဖြစ်လျှင်သော်လည်းကောင်း မြန်မြန်ခြောက်ချင်ဇောနှင့် အပူပေး အခြောက်ခံလျှင်သော်လည်းကောင်း မခြောက်ဘဲ ရေစိုနေစဥ် ဝတ်လျှင်သော်လည်းကောင်း ပိုးစစ်နိုင်စွမ်း ပို၍ ကျနိုင်သည်ကို သတိပြုပါ။

❌ N 95, KN 95 mask များကို ဆပ်ပြာနှင့်ရေ သုံး၍ လျှော်ခြင်း အရက်ပြန်သုံး၍ ပိုးသတ်ခြင်း ပြုလုပ်ပါက ရောဂါပိုးစစ်ပေးသည့် အလယ်အလွှာပါးကလေးများကို ပျက်စီးစေပြီး ပိုးစစ်နိုင်စွမ်းကို ထက်ဝက်ကျော်မျှ လျော့ကျစေသောကြောင့် ထိုနည်းများဖြင့် ပိုးသတ်သန့်စင်ခြင်း မပြုသင့်ပါ။

Ref:

N95 Respirator Cleaning and Reuse Methods proposed by the inventor of the N95 mask material (May 2020)

https://www.ncbi.nlm.nih.gov/pmc/articles/PMC7161499/ 

🚩🚩🚩2. အဝတ် Mask တွေကို ဘယ်နှကြိမ်ခန့် လျှော် အသုံးပြုသင့်ပါသလဲ ရှင်?

တစ်နေ့တစ်ကြိမ်လျှော်သုံးပြီး အရမ်းကြာလာ (ခဏခဏလျှော်) ရင် သိပ်မကာကွယ်နိုင် ဖြစ်မှာစိုးလို့ပါရှင်"

- အဝတ် mask များ ဘယ်နှကြိမ်ထိ လျှော်သုံးနိုင်သည်မှာ အတိအကျတော့ မရှိပါ။ (တချို့လည်း အကြမ်းဖျင်း အကြိမ် ၃၀ ခန့်အထိ လျှော်သုံးနိုင်သည်ဟု ဆိုကြပါသည်)

- လျှော်သုံးနိုင်သည့် အကြိမ်အရေအတွက်မှာ mask ချုပ်လုပ်သော ပိတ်စ၊ လျှော်ဖွပ်ပုံ လျှော်ဖွပ်နည်း၊ မကြာခဏ ချွတ်လိုက် တပ်လိုက်လုပ်ခြင်း တို့ပေါ်လည်း မူတည်ပါသည်။

- အဝတ် mask တစ်ခုတည်းကို ခဏ ခဏ မလျှော်ရအောင် အဝတ် mask ၄ ခု၊ ၅ ခု ထား၍ #လဲလှယ်သုံးရန် အကြံပြုလိုပါသည်။

👉 အဝတ် mask သိသာစွာ ပေါက်ပြဲနေခြင်း

👉 နားချိတ်သည့် ကြိုးများ လျော့ရဲရဲ ဖြစ်နေခြင်း

👉 နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ဖုံးမပေးနိုင်တော့ခြင်း

👉 mask တပ်ပြီး လေမှုတ်ထုတ်ကြည့်ပါက လေများ သိသိသာသာ ထွက်နေသည်ကို ခံစားရခြင်း ရှိပါက အသစ်တစ်ခု လဲလှယ် တပ်ဆင်ရပါမည်။

🚩🚩🚩3. ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းပြီလို့ ပြောပြီး ရုတ်တရက် အသက်ဆုံးရှုံးမှု မဖြစ်ရအောင် ဆောင်ရန် ရှောင်ရန် သတိထားစရာများကို ပြောပေးပါ။

🚩🚩🚩ရောဂါက ပျောက်သလောက်နီးပါး သက်သာလာပြီးမှ အခြေအနေ ရုတ်တရက်ဆိုးပြီး ကွယ်လွန်သွားတဲ့ သတင်းတွေ ကြားနေရပါတယ်၊ အဲဒါဟာ ဘာကြောင့် ဖြစ်တာလဲ၊ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ သိပါရစေ ရှင့်။

- အစဦးပိုင်းက ကိုဗစ်-၁၉‌ ရောဂါမှာ အဆုတ်ကို တိုက်ခိုက်သော ရောဂါဟုသာ ယူဆခဲ့ကြသော်လည်း #နောက်ပိုင်းတွေ့ရှိချက်များအရ အခြား ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းများ ဖြစ်သည့် နှလုံး၊ အရေပြား၊ သွေးနှင့် သွေးကြောများ၊ အသည်း၊ ဦးနှောက်နှင့် အာရုံကြော၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတို့နှင့် ပတ်သက်သော နောက်ဆက်တွဲဆိုးကျိုးများပါ ရှိလာသည်ကို တွေ့လာရပါသည်။

- ကိုဗစ်ရောဂါ ပြန်ကောင်းပြီးမှ ရုတ်တရက် အသက်ဆုံးရှုံးရသည့် အဓိကအကြောင်းရင်းမှာ သွေးခဲပျော်ဆေးပေးထားသည့်တိုင် ကိုဗစ်ရောဂါပိုးသည် သွေးကြောများတွင် #သွေးခဲစေနိုင်ပြီး ရုတ်တရက် သွေးကြောပိတ်ကာ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်သွေးကြော သွေးခဲခြင်းတို့ကြောင့် အသက်ဆုံးရှုံးရနိုင်ပါသည်။ အထူးသဖြင့် ကိုဗစ်ရောဂါစဖြစ်ပြီး ၂ ပတ် မှ ၅ ပတ် အကြာတွင် ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းများ၌ ရောဂါဒဏ်ကြောင့် #လွန်ကဲစွာရောင်ရမ်းတတ်ပါသည်။ ထို့ကြောင့် ကိုဗစ်နလန်ထလူနာများတွင် ဖျား/ ချောင်းဆိုး/ ရင်ခေါင်းထဲ မအီမသာဖြစ်/ ခေါင်းထိုးကိုက်ခြင်း ကဲ့သို့သော လက္ခဏာများ ခံစားရပါက #လျစ်လျူရှုမထားဘဲ ဆရာဝန်နှင့် ပြန်လည်ပြသကာ ကုသမှု ခံယူရပါမည်။

- ထို့ကြောင့် နလန်ထစ လူနာများတွင်

👉 ပေါ့ပါးသော ကိုယ်လက်လှုပ်ရှားမှု ဖြည်းဖြည်းနှင့် ပုံမှန်ပြုလုပ်ပေးခြင်း

👉 အားရှိစေမည့် အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးခြင်း

👉 လုံလုံလောက်လောက် အနားယူပြီးမှ မိမိလုပ်ငန်းဆောင်တာများကို ဖြည်းဖြည်းချင်း ပြန်စခြင်း

👉 အိပ်ရေးဝဝ အိပ်ခြင်း

👉 မိမိစဥ်းစားဉာဏ်နှင့် အာရုံစူးစိုက်မှုပြန်ကောင်းလာစေရန် ဉာဏ်စမ်းပ‌ဟေဠိပုစ္ဆာများ ဖြေရှင်းခြင်း၊ စာအုပ်ဖတ်၍ တွေးခြင်း

👉 မိမိချစ်ခင်သူများ၏ အားပေးကူညီမှုကို ယူခြင်း၊ ရင်ဖွင့်ပြောဆိုခြင်းတို့ လိုအပ်ပါသည်။

❌ ကိုယ်ကာယအင်အား စိုက်ထုတ်ရသည့် အလုပ်များကို နလန်ထပြီးစတွင် လုပ်ဆောင်ရန် မသင့်ပါ။

🚩🚩🚩5. ကိုဗစ်ဖြစ်နေတာပါ၊ အနံ့အရသာပျောက်ပြီး အသက်ရှူကြပ်နေပါတယ်၊ ကလေးတွေလည်း အိမ်မှာ လူကြီးတွေရော ရှိတယ်၊ အိမ်သာတစ်လုံးထဲ တွဲသုံးနေရပါတယ်၊ အဆင်ပြေပါသလား ရှင့်?

🚩🚩🚩လူနာအတွက် သီးသန့်ထားရန် ကျွန်မနှင့်ကလေးတွေ နေသောအခန်းကို ဖယ်ပေးထားရပါသည်၊ ဘယ်နှရက်မြောက်လျှင် ပြန်လည်၍ နေထိုင်လို့ ရပါသလဲ? အခန်းကို ပိုးသတ်သန့်စင်ဖို့ လိုအပ်ပါသလား၊ ကလေးတွေရော ပြန်နေလို့ရလား? ပိုးတွေ့လူနာသည် ဘယ်နှရက်မြောက်တွင် စိတ်ချရပါပြီလဲ? ကလေးတွေနဲ့ဆိုတော့ ပြန်ကူးမှာ စိုးလို့ပါ၊ လူနာက ခုဆို ၁၅ ရက်ကျော်ပါပြီ၊ ခုနေကောင်းပါပြီ၊ အစားလည်း အရမ်းစားပါတယ်၊ နဂိုအကောင်းတိုင်း ပြန်ဖြစ်နေပါပြီ၊ တစ်အိမ်လုံးပိုးသတ်ဆေးဖျန်းဖို့ရော လိုလား? ဘယ်နှစ်ရက်နေရင် အပြင်ထွက်ခိုင်းလို့ရပြီလဲ? ချောင်းဆိုးတော့ နည်းနည်းကျန်နေပါတယ်။

- ဖျားနာနေသူ (သို့မဟုတ်) ကိုဗစ်ကူးစက်ခံနေရသူ လူနာကို အိမ်သားများနှင့် ခွဲကာ တစ်ဦးတည်း သီးသန့် ထားပါ။ လူနာအတွက် သီးသန့်ခန်းမရှိလျှင်လည်း လူနာနေရမည့် သီးသန့်နေရာတစ်ခုကို ခွဲခြားသတ်မှတ်ပေးပါ။ ဖြစ်နိုင်လျှင်တော့ အိမ်သာ၊ ရေချိုးခန်းများကို #သီးသန့်ခွဲခြားထားသင့်ပါတယ်။

- လူနာနှင့် ထိတွေ့မှုကို လျှော့ချနိုင်စေရန် လူနာအတွက် သတ်မှတ်ပေးထားသော နေရာ (သို့မဟုတ်) အခန်းကိုတော့ လိုအပ်လာမှသာ ပိုးသတ်သန့်ရှင်းရေး လုပ်ပေးသင့်ပါသည်။ လူနာကိုယ်တိုင် ပိုးသတ်သန့်ရှင်းရေး လုပ်နိုင်လျှင်တော့ လူနာနေထိုင်ရာနေရာကို ပိုးသတ်သန့်ရှင်းရေး လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လူနာကို ပေးထားပါ။

- လူနာနှင့် မဖြစ်မနေမျှဝေသုံးစွဲရတဲ့ နေရာ၊ ပစ္စည်းများနှင့် အရာဝတ္ထုမျက်နှာပြင်များကို တစ်ခါအသုံးပြုပြီးတိုင်း လူနာကိုယ်တိုင် ပြန်လည်ပိုးသတ်သန့်ရှင်းခိုင်းပါ။ လူနာကိုယ်တိုင် ပိုးသတ်သန့်ရှင်းရေး မလုပ်နိုင်လျှင်တော့ လူနာနေထိုင်ရာ နေရာ (သို့မဟုတ်) အခန်းဟာ မဖြစ်မနေ ပိုးသတ်သန့်ရှင်းရေးလုပ်ရန် လိုအပ်လာမှသာ အခြားသူတစ်ဦးက ရောဂါကာကွယ်‌ရေးနည်းလမ်းများ လိုက်နာပြီး ဝင်ရောက်ပိုးသတ် သန့်ရှင်းပေးပါ။ ပိုးသတ်သန့်ရှင်းရေး ပြုလုပ်နေစဥ်တွင်လည်း အခန်းကို လေဝင်လေထွက်ကောင်းမွန်အောင် ထားရှိပါ။ လူနာအနေဖြင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (surgical mask) ကို တပ်ဆင်ထားရပါမည်။ လူနာကို အနီးကပ်ပြုစုမည့်သူကလည်း နှာခေါင်းစည်း (surgical mask) ကို စနစ်တကျ တပ်ဆင်ထားရပါမည်။

- လူနာအတွက် သီးသန့်အမှိုက်ပုံး ထားရှိဖို့ လိုအပ်မည်ဖြစ်ပြီး အမှိုက်ပုံးကိုလည်း ပလတ်စတစ်အိတ်ဖြင့် စွပ်ပြီး စနစ်တကျ အသုံးပြုရပါမည်။

- #နေအိမ်တွင်းပိုးသတ်သန့်စင်ပုံကို ဤပိုစ့်များတွင် ကြည့်ရှုပါ။

https://www.facebook.com/mohadmNUG/posts/136084408661308 

https://www.facebook.com/mohadmNUG/posts/137219078547841 

https://www.facebook.com/watch/?v=515861239662070 

- ပိုးတွေ့လူနာနှင့် ဘယ်နှရက်မှ ထိတွေ့သင့်လဲနှင့် ပတ်သက်၍ ဤပိုစ့် မေးခွန်း ၃ တွင် ဖတ်ပေးပါ

https://www.facebook.com/ckcmohnugmm/posts/117851297233792 

- လူနာပြုစုခြင်းပြီးဆုံးပါက (သီးသန့်နေဖို့ ရက်ပြည့်သွားပြီးပါက) နေအိမ်တစ်ခုလုံး ပိုးသတ်သန့်စင် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။ ထိုအချိန်တွင် ကလေးများနှင့်လည်း အတူပြန်နေလို့ ရပါပြီ။

🚩🚩🚩6. ဆရာ ညီမအမေက ဆီးချိုရှိပါတယ် ကိုဗစ်မဖြစ်အောင်လဲ ဂရုစိုက်နေပါတယ် ရှင့် ဆောင်ရန်ရှောင်ရန် ဖြစ်ခဲ့ရင်တောင် ဘယ်လို နေထိုင်ရမလဲ သိပါရစေရှင့် ကျေးဇူးတင်ပါတယ်ရှင့်

- ရောဂါအခံရှိသူများ ဂရုစိုက်နေထိုင်သင့်ပုံကို ဤပိုစ့် မေးခွန်း ၆ တွင် ဖတ်ရှုပေးပါ

https://www.facebook.com/ckcmohnugmm/posts/116394400712815 

- ဆီးချိုရောဂါသည်အတွက် အာဟာရဆရာဝန် Dr. Nutrition မှ အကြံပြုထားသည်ကို ဤတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/drnyinyikyaw/posts/2797671087190239 

🚩🚩🚩7. ညီမက ဘဏ်မှာ အလုပ်လုပ်ရပါတယ်၊ ရုံးပြန်ဖွင့်တော့မှာဆိုတော့ ကာကွယ်လို့ရမယ့် နည်းလမ်းလေးမေးချင်လို့ပါ၊ KN 95 ရယ် face shield လက်အိတ် ခေါင်းစွပ် ၀တ်ပြီးတော့ အလုပ်လုပ်ပါတယ်၊ တစ်ဦးနဲ့တစ်ဦးက အလုပ်ကိစ္စပြောရင်တော့ အနားကပ်ရတာတွေတော့ ရှိပါတယ်၊ Aircon ခန်းထဲမှာ တစ်နေကုန်နေရတဲ့အတွက် အကာအကွယ်တွေနဲ့ နေရင်ရော ကူးစက်နိုင်ပါသလား? အရေးကြီးလို့ဖြေပေးစေချင်ပါတယ်။

🚩🚩🚩ကိုဗစ်ဖြစ်ရင် အဲကွန်းခန်းထဲ နေလိူ့ရလားခင်ဗျာ?

- အလုံပိတ် အဲကွန်းခန်းသည် အပြင် ဟင်းလင်းပြင် ပတ်ဝန်းကျင်နှင့် ယှဥ်ပါက နေရာကြပ်တည်းမှုနှင့် လေဝင်လေထွက်မကောင်းတာ ရှိနိုင်သောကြောင့် ရောဂါကူးစက်မှု အန္တရာယ်ပို၍ ရှိပါသည်။

- ထို့ကြောင့် လေဝင်လေထွက်ကောင်းစေရန် အဲကွန်းဇကာစစ်များကို ဖြုတ်ဆေးခြင်း၊ ဖြုတ်လဲခြင်း၊ အဲကွန်း ဆားဗစ်ဆင်း (servicing) ဝင်ခြင်းတို့ အခါအားလျော်စွာ ပြုလုပ်သင့်ပါသည်။

- အလုံပိတ်ခန်းထဲတွင် mask တပ်ဆင်ခြင်းအပြင် တစ်ဦးနှင့် တစ်ဦး ဖြစ်နိုင်သမျှ ဝေးဝေးသာ နေသင့်ပါသည်။ စကားပြောဆို စည်းဝေးရန် ရှိပါက တစ်ယောက် တစ်နေရာစီ နေပြီး အွန်လိုင်းအသုံးပြုကာ ဆက်သွယ်စည်းဝေးရန် အကြံပြုလိုပါသည်။

- ဒုတိယမေးခွန်းအတွက်မူ ကိုဗစ်ဖြစ်ခြင်းနှင့် အဲကွန်းခန်းထဲ နေခြင်း/ မနေခြင်းသည် အထက်ပါအချက်မှ လွဲ၍ ဆက်စပ်မှု မရှိပါ။

🚩🚩🚩8. ဟုတ်ကဲ့ မင်္ဂလာပါ ဆရာ၊ ကိုဗစ်ရောဂါပိုးဟာ အဝတ်အထည်နား ကပ်ပါလာရင် ဘယ်လောက်အချိန်ကြာမှ ရောဂါပိုးသေလဲ ဆရာ? အဝတ်အစားနားကနေ ရောဂါပွားနိုင်ပါသလား ခင်ဗျ? ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

- အဝတ်အထည် အမျိုးအစားပေါ်မူတည်၍ ၂ ရက်မှသည် ၂ ပတ်အထိ ကိုဗစ်ရောဂါပိုးသည် အဝတ်အထည်တွင် ကပ်ငြိနေနိုင်ပါသည်။ သို့သော် ကိုဗစ်ပိုးသည် လူနာ၏ ခန္ဓာကိုယ်အပြင်ဘက် သက်မဲ့အရာပေါ်ရောက်ပြီးသည်နှင့် မပွားများနိုင်သောကြောင့် #အားပျော့သွားပြီ ဖြစ်ပါသည်။ ကိုဗစ်ပိုးသည် သက်ရှိသတ္တဝါ၏ ခန္ဓာကိုယ်ထဲ၌သာ ရှင်သန်ပွားများနိုင်ပါသည်။

❌ အပြင်ဝတ်ထားသော အဝတ်အထည်များကို #ဖြန့်ခါခြင်းမပြုလုပ်ရပါ။

- ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ ခပ်ခွာခွာနေခြင်းဖြင့် မိမိအင်္ကျီတွင် ကိုဗစ်ပိုးကပ်ငြိခြင်းမှ ကာကွယ်ရာ ရောက်ပါသည်။ (လူသူမရှိချိန် မိမိတစ်ယောက်တည်း ပြေးခြင်း၊ လမ်းလျှောက်ခြင်းဖြင့်တော့ ရောဂါပိုး ကပ်ငြိနိုင်ခြေ အလွန်နည်းပါသည်)

- တစ်ခုခုကိုင်ပြီးတိုင်း လက်သေချာမဆေးဘဲ မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိကိုင်ပါနှင့်။

#CovidPrevention

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...