Skip to main content

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (20.7.21)



🚩🚩🚩1. ချွေးစေးတွေ ထွက်နေပါတယ်၊ အပူချိန်ကတော့ 36.5⁰C ပါ လက်ဖဝါးတွေက ပိုပူနေတယ်လို့ ခံစားရပါတယ်။ လက်ဖဝါးကို တိုင်းကြည့်တာတော့ 36⁰C ပဲ ရှိပါတယ်၊ အဲဒါ ကိုဗစ်လက္ခဏာ ဖြစ်နိုင်ပါသလား?
ဖြေ။ ကိုယ်ပူချိန်တိုင်းတာရာတွင် ချိုင်းကြား သို့မဟုတ် ခံတွင်း၌ တိုင်းတာရပါတယ်။
- လူတစ်ဦးအတွက် သာမန်ကိုယ်အပူချိန်မှာ ၃၇ ဒီဂရီ ဆဲစီးယပ်စ် သို့မဟုတ် ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိပါတယ်။
- ၃၈ ဒီဂရီ ဆဲစီးယပ်စ် သို့မဟုတ် ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်ပါက ကိုယ်ပူချိန် မြင့်တက်သည်ဟု ပြောနိုင်ပါတယ်။ 
🚩🚩🚩2. ဘယ်ဘက်နောက်ကျောက အောင့်အောင့်နေတာ ဘာကြောင့်လဲ? အဆုတ်နဲ့ ပတ်သက်တဲ့ လက္ခဏာတစ်ခုခုလား သိချင်ပါတယ်ရှင့်။
ဖြေ။ ကြွက်သားများ နာကျင်ခြင်းကြောင့်လည်း ဖြစ်နိုင်သလို အဆုတ်နှင့် ပတ်သက်တဲ့ ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သော #ဆရာဝန်တစ်ဦးဦးနှင့်တိုင်ပင်ဆွေးနွေးစေလိုပါတယ်။
🚩🚩🚩3. အနံ့စပျောက်ရင် ရောဂါကူးခံရတာ ဘယ်နှရက်ရှိပြီလဲ ဆရာ? ကိုဗစ်ရောဂါဟာ စပြီး ၇ ရက်၊ ၈ ရက်မှာ အပြင်းထန်ဆုံး ခံရတယ် ဆိုတော့လေ။
ဖြေ။ တစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာပြသပုံခြင်း မတူညီသဖြင့် ပုံသေပြော၍ မရပါ။ ရောဂါပိုး စတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ခံစားရချိန်သည် အများအားဖြင့် ၅ ရက်မှ ၆ ရက် အတွင်းတွင် ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ၂ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။
- လေ့လာတွေ့ရှိချက်များအရ ပိုးကူးစက်ခံရသူတွေရဲ့
👉 ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်
👉 ၁၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှစပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်းအောက်စီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှု ခံယူရလေ့ရှိပါတယ်
👉 ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများ ခံစားရလေ့ရှိပြီး လေပြွန်ထဲသို့ အသက်ရှူပိုက် ထည့်သွင်းရသည့် ကုထုံးများဖြင့် ကုသမှု ခံယူရလေ့ရှိကာ အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။
🚩🚩🚩4. ကိုဗစ်ကြောင့် ဖျားနေရင်းကနေ မိတ်ဖုတွေ အစုလိုက် အပြုံလိုက် ထွက်နေတာ စိုးရိမ်ရလားရယ် ရေချိုးပစ်ရင် မိတ်တွေ ငုတ်သွားနိုင်လားရယ် ဖြေကြားပေးပါအုံးရှင့်။
ဖြေ။ ကိုဗစ်ရောဂါတွင် အရေပြားပြဿနာများ ခံစားရနိုင်ပါတယ်။
- အရေပြားဆိုင်ရာ လက္ခဏာများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/113571524328436 မှာ ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
❌ ရေချိုးခြင်းကြောင့် မိတ်များ ငုတ်သွားနိုင်သည် ဆိုခြင်းမှာ မှားယွင်းသော အယူအဆသာ ဖြစ်ပါတယ်။
🚩🚩🚩5. ကိုဗစ်-19 နဲ့ တိုက်ရိုက် ဆိုင်/ မဆိုင်တော့ မသိပေမယ့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါ။ အောက်စီမီတာနဲ့ ဒီဂျစ်တယ် သွေးပေါင်ချိန်စက်မှာပါတဲ့ တစ်မိနစ် နှလုံးခုန်နှုန်းဆိုတာ သာမန်လူတစ်ယောက်အတွက် (သို့) ဘယ်အရွယ်ဆို တစ်မိနစ် ဘယ်လောက်ရှိရမယ် ဆိုတာလေး သိချင်ပါတယ် ဆရာတို့၊ ကျေးဇူးပါ။
ဖြေ။ အရွယ်ရောက်ပြီးသား လူကြီးတစ်ဦးအတွက် တစ်မိနစ်လျှင် သွေးခုန်နှုန်း ၆၀ မှ ၁၀၀ ကြားတွင် ရှိပြီး ကလေးတစ်ဦးအတွက် တစ်မိနစ်လျှင် သွေးခုန်နှုန်း ၈၀ မှ ၁၁၀ ကြားတွင် ရှိနိုင်ပါတယ်။
🚩🚩🚩6. ကျွန်တော် အဖျားပျောက်တာ 5 ရက်လောက် ရှိပါပြီ အနံ့ကလည်း သေချာခံကြည့်ရင်တော့ ရပါသေးတယ်၊ ဒါပေမဲ့ နှာခေါင်းက ဆေးရုံမှာ ပိုးသတ်ဆေး ဖျန်းထားသလို အနံ့ကြီး ရနေတယ်ဗျာ၊ တော်တော်ဆိုးတယ်၊ အနံ့ကြီးက။ အဲ့ဒါ ကိုဗစ်လက္ခဏာလားဆိုတာ သိချင်ပါတယ် ခင်ဗျာ။ 
ဖြေ။ ကိုဗစ်ကြောင့် အနံ့အာရုံထိခိုက်ခံရသူများတွင် အနံ့လုံးဝမရတော့ခြင်း၊ အနံ့အာရုံလျော့နည်းခြင်းတို့မှာ အဖြစ်များကြပြီး အချို့မှာ ဆိုးရွားသော အနံ့များကို ခံစားရလေ့ရှိကြောင်း တွေ့ရပါတယ်။ ထိုကဲ့သို့သောသူများမှာ အခြားသူများထက် ပုံမှန်အနံ့များ ပြန်လည်ရရှိရန် အချိန်ပိုကြာတတ်ကြောင်းလည်း တွေ့ရှိရပါတယ်။
🚩🚩🚩7. ကိုဗစ် လက္ခဏာက အဖျားက အရင်စတာလား? မဖျားဘဲ oxygen တန်းကျတာ ဖြစ်လားရှင့်?
ဖြေ။ အများအားဖြင့် အခြားရောဂါလက္ခဏာများနှင့် တွဲ၍သာ တွေ့ရပါတယ်။
- အချို့လူနာများတွင် အခြားရောဂါလက္ခဏာများနှင့် သွေးတွင်းအောက်စီဂျင် လျော့နည်းနေခြင်း ရှိသော်လည်း အသက်ရှူကြပ်ခြင်း လက္ခဏာများ ခံစားရလေ့ မရှိသည်ကိုလည်း တွေ့ရှိရပါတယ် (#SilentHypoxia)။
🚩🚩🚩8. အနံ့ပျောက်တာဟာ Recovery stage မှာ ဖြစ်တယ်လို့ ပြောကြပါတယ်၊ အနံ့ပျောက်ပြီဆိုရင် တခြားဆိုးရွားတဲ့ လက္ခဏာတွေ မဖြစ်နိုင်တော့လို့ စိတ်ချရပြီလို့ ရေးထားတာတွေ ဖတ်ရပါတယ်၊ အဲဒါအမှန်ဟုတ်ပါသလား ခင်ဗျ၊ ကျွန်တော့်အ‌စ်မက မဖျားဘဲနဲ့ အနံ့ပဲ ပျောက်‌နေလို့ပါ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါတွင် အနံပျောက်ခြင်း လက္ခဏာကို (Recovery stage) နလန်ထစ အချိန်တွင် စဖြစ်သည်ဟု မပြောနိုင်ပါ။ အချို့လူနာများတွင် အနံ့ပျောက်ခြင်း လက္ခဏာကို အခြားလက္ခဏာများ မတိုင်မီတွင်လည်း ခံစားရတတ်ပါတယ်။
- လေ့လာမှုတချို့အရ အနံ့ပျောက်ခြင်း လက္ခဏာရှိသူ အများစုသည် ပြင်းထန်သော ရောဂါများ ခံစားရခြင်း #နည်းပါးကြောင်း တွေ့ရှိရပါတယ်။ သို့သော် ထိုသို့ကောက်ချက်ဆွဲရန်အတွက် ခိုင်မာသော သုတေသနများ မရှိသေးပေ။         
🚩🚩🚩9. ဆရာခင်ဗျား SpO2 က ဘယ်နှရက်ထိ ကျတတ်ပါသလဲ?
🚩🚩🚩မောပြီး အသက်ရှူမဝတာ 11 ရက်ရှိပါပြီ ဘယ်နှရက်အထိ ဆက်ပြီး မောနေမှာလဲ ကိုဗစ်ဆိုရင် 10 ရက်ကျော်ရင် recover ဖြစ်တယ် ကြားဖူးလို့ ဘာ‌ကြောင့် ဆက်ပြီး မောနေတာလဲ သိချင်ပါတယ် ခင်ဗျာ။
ဖြေ။ ကိုယ်ခံအား၊ ရောဂါပိုးဝင်ရောက်မှု အတိုင်းအတာ၊ အခြားရောဂါများ ရှိ/မရှိစသည့် အချက်များပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး ခံစားရပုံချင်း မတူညီနိုင်ပါ။ အဖြစ်များသော ကိုဗစ်ရောဂါဖြစ်စဥ်ကို မေးခွန်း နံပါတ် (3) တွင် ကျေးဇူးပြု၍ ဖတ်ပေးပါ။ 
🚩🚩🚩10. ပထမတစ်ရက်က ချွေးလုံးဝမထွက်ဘဲ ဖျားပါတယ်၊ နှာစေး ချောင်းဆိုးလည်း ဖြစ်ပါတယ်။ ဒီနေ့ သုံးရက်မြောက်ပါ၊ နှာစေး ချောင်းဆိုး လည်ချောင်းယားပါတယ်၊ မဖျားပါ covid သံသယလို့ ယူဆလို့ ရပါသလား ရှင့်?
🚩🚩🚩ကျွန်မယောကျာ်းက ကိုယ်လက်ကိုက်ခဲပြီး ဖျားပြီး ငါးရက်လောက်နေတော့ ပျောက်သွားတယ်၊ ပြီးတော့ ချောင်းဆိုးတာပဲ ဖြစ်တော့တယ်၊ အဲ့တာ ဘာဖြစ်တာလဲ ဆရာ?
🚩🚩🚩နေမကောင်း ဖြစ်ပြီးတော့ ပရုတ်ဆီနဲ့ ရှူဆေးကလွဲပြီး ကျန်တဲ့အနံ့ မရပါဘူး၊ အရသာတော့ ရသေးတယ်လို့ ပြောလို့ရပါတယ်၊ အဲ့ဒါ ကိုဗစ် ဟုတ်ပါသလား?
🚩🚩🚩ရင်ဘတ်က တောင့်တောင့်ကြီးဖြစ်နေပြီး တစ်ချက် တစ်ချက် ချောင်းဆိုချင်သလို ဖြစ်နေလိုပါရှင့် မဖျားပါဘူး ရှင့် covid လို့ ယူဆရပါသလား ရှင့်?
🚩🚩🚩နေမကောင်းဖြစ်တာ ဆယ်ရက်ရှိပြီ ပထမနေ့မှာ ချမ်းပြီး ကိုယ်ပူတယ်။ နောက်နှစ်ရက်နေတော့ အနံ့ပျောက်သွားတယ် ခေါင်းကိုက်တယ် ကိုယ်လက်တွေ ညောင်းတယ်။ ဝမ်းလျှောတာ လည်ချောင်းနာတာ မရှိဘူး စိုးရိမ်လား သိချင်လို့ပါ။
🚩🚩🚩ချောင်းလည်း သိပ်မဆိုးဘူး နှာလည်း တစ်ခါတလေမှ ချေတာ နှာရည်မထွက်ဘဲ နှာခေါင်းမပိတ်ဘဲ အနံ့ပျောက်နေလို့။
🚩🚩🚩19 ရက်နေ့က အနံ့စပျောက်တယ် နေ့ရောညပါ ချွေးအလွန်ထွက်ပါတယ်၊ ညောင်းတာ ကိုက်တာလည်း မဖြစ်ပါဘူး၊ အဖျားအနည်းငယ် ရှိပါတယ်၊ လက်ရှိအိမ်မှာ သီးသန့် နေနေပါတယ်၊ ကိုဗစ် ဖြစ်နေပြီလို့ ယူဆလို့ ရသလားရှင့်? ရေချိုးလို့ရော ရလား သိချင်ပါတယ် ကျေးဇူးပြု၍ ဖြေပေးပါ။
🚩🚩🚩ကျနော်က အနံပျောက်တာ ချောင်းအနည်းငယ်ဆိုးပါတယ် ကျန်တာ အကုန်က ပုံမှန်ပဲဗျ အရသာလည်း အကုန်ကောင်းတယ်ဗျ၊ အဲ့ဒါစိုးရိမ်ရလား သိချင်ပါတယ်၊ ဖြစ်တာက ၅ ရက်လောက်တော့ ရှိပြီ။
ဖြေ။ အထက်ပါမေးခွန်းများရှိ လက္ခဏာများသည် ကိုဗစ်ရောဂါလက္ခဏာများတွင် ပါဝင်ပါတယ်။ ကိုဗစ်ရောဂါလက္ခဏာများအကြောင်းကို အောက်ပါပို့စ်တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။  https://www.facebook.com/ckcmohnugmm/posts/105050385180550
- ရေချိုးခြင်းနှင့် ပတ်သက်၍ ဤပိုစ့် မေးခွန်း ၄ တွင် ဖြေပြီး ဖြစ်ပါတယ်
https://www.facebook.com/ckcmohnugmm/posts/115162097502712 

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...