Skip to main content

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (20.7.21)




🚩🚩🚩1. Positive ဖြစ်သူနဲ့ သုံးရေကန်တစ်ခုတည်း သုံးလို့ရ/ မရ သိချင်လို့ပါ ရှင့်

🚩🚩🚩ကျွန်မတို့ဒေသမှာ ချောင်းရေကို တစ်ရွာလုံး ဝိုင်းချိုးကြပါတယ်။ ကျွန်မတို့ အထက်ရွာမှာ Covid 19 ဖြစ်တဲ့သူ ရှိကြပါတယ်။ ချောင်းရေ၊ မြောင်းရေကတစ်ဆင့် ကိုဗစ်ပိုး ကူးစက်နိုင်ပါသလား?

🚩🚩🚩ကိုဗစ်ပိုးတွေ့ပြီး ပြန်ကောင်းတာ ၅ ရက်လောက် ရှိပြီးဖြစ်တဲ့ အိမ်ရဲ့ရေတွင်းကနေ ရေသွယ်ယူတာမျိုးရှိရင် ရောဂါပိုးကူးနိုင်ပါသလား ရှင့်?

ဖြေ - ယနေ့အထိ ကိုဗစ်သည် #ရေမှတစ်ဆင့်ကူးစက်သည်ဟုမတွေ့ရှိသေးပါ။ သို့သော် ရေကူးကန်၊ ရေကန်တို့တွင် လူထူထပ်နေပါက (သို့မဟုတ်) ကိုဗစ်ပိုးရှိသူနှင့် ရေကူးကန်၊ ရေကန်တို့တွင် #အနီးကပ်နေမိပါက လေထဲမှတစ်ဆင့် ကူးစက်နိုင်ပါသည်။


🚩🚩🚩2. Delta variant က လေထဲကနေ ကူးဖို့ ၁၄ စက္ကန့် ဘဲ ကြာတယ်ဆိုတာ ဟုတ်ပါသလား ရှင့်?ဖြေ - Delta variant သည် လေထဲမှတစ်ဆင့် ၁၀ စက္ကန့်ခန့် စကားပြောရာမှ ကူးစက်နိုင်ခြေရှိသည်ဟု ဆိုသော်လည်း အတည်ပြုကြာချိန် မတွေ့ရှိသေးပါ။ သို့သော် Delta Variant သည် မူလကိုဗစ်ထက် ၂-၃ ဆ ပိုမိုကူးစက်လွယ်ပြီး အသက်ရှူလမ်းကြောင်းတွင် ပိုမိုပွားများနိုင်ကြောင်း တွေ့ရှိရသည်။

🚩🚩🚩3. ဖြစ်နေတဲ့သူ အချင်းချင်း အတူနေ လို့ရလား ရှင့်? တချို့က နည်းနည်း ပိုပြင်းထန်ပြီး တချို့က သက်သာနေတာမျိုးလည်း ရှိလို့ပါ။ 

ဖြေ - တစ်အိမ်လုံး ကိုဗစ်ရှိ/ မရှိ #ဓာတ်ခွဲစစ်ဆေးပြီး၍ ကိုဗစ်ဖြစ်တာ သေချာပါက (positive test result) သီးခြား Isolation လုပ်စရာ မလိုဘဲ အတူစုပေါင်း၍ Isolation လုပ်နိုင်ပါသည်။ #သို့သော် mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေခွာ နေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။

- ထိုသို့မဟုတ်ဘဲ တစ်အိမ်လုံးသည် ကိုဗစ်ရှိ/ မရှိ #ဓာတ်ခွဲစစ်ဆေးထားခြင်းမရှိဘဲ ရောဂါလက္ခဏာအရသာ ကိုဗစ်သံသယရှိသူများ ဖြစ်ပါက ဖြစ်နိုင်လျှင် တစ်ဦးချင်း သီးခြား Isolation လုပ်ရပါမည်။

🚩🚩🚩4. ကျွန်တော်စဖြစ်တဲ့နေ့ကစပြီး 12 ရက် ရှိပါပြီ၊ အနံ့လည်း ပြန်ရနေပါပြီ 2 ပတ် ပြည့်လို့ ဆေးရုံက ဆင်းခါနီးမှ ရောဂါဖြစ်စလူနာဆီက ထပ်ကူးနိုင်သေးလား? ဆေးရုံဆင်းရင်ရော အ၀တ်အစားပစ္စည်း‌တွေကို ဘယ်လိုလုပ်ရမလဲ? 10 ရက်ကျော်သွားရင် စိတ်ချရပြီလား?

🚩🚩🚩ကိုဗစ်ဖြစ်ပြီး ပျောက်ကင်းခါစ ရက်ပိုင်းပဲ ရှိသေးတဲ့ လူတစ်ယောက်က အခုမှ စဖြစ်တဲ့ သူနဲ့ ထိစပ်မိရင် ထပ်ပြန်ဖြစ်လား ရှင့်?

🚩🚩🚩ကျွန်မက ကိုဗစ်ဖြစ်တာ ၁၄-၂၁ ရက်အတွင်း ရောက်ပါပြီ အဖိုးနဲ့အဖေက ကိုဗစ်ဖြစ်တာ 

ခုမှ တစ်ပတ်ကျော်မို့ အဖိုးတို့ကို ဆက်ပြုစုနေရင်း ပြန်ကူးနိုင်ပါသေးသလား ရှင့်?

ဖြေ - ပြန်လည်ကူးစက်သည့် ဖြစ်စဉ်များ ရှိသော်လည်း ရှားပါသည်။ အဝတ်အစားများကို သေချာစွာ လျှော်ဖွတ်၍ ပြန်လည်ဝတ်ဆင်နိုင်ပါသည်။

🚩🚩🚩5. Covid ဖြစ်ပြီး လူနာ (ရက်၂၀ ကျော်ပါပြီ) နဲ့ အရင်လို ပုံမှန် ပြန်လည်နေထိုင်လို့ ရပါပြီလား? ဥပမာ-ဟင်းချိုတစ်ခွက်တည်း တူတူသောက်တာ ထမင်းတစ်ဝိုင်းတည်း စားတာတို့ပါ၊ သူတို့ရဲ့ တံတွေးဂလင်းကနေ ကူးနိုင်/ မကူးနိုင် သိချင်ပါတယ်။

ဖြေ - ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။

- ကိုဗစ်သည် #အစားအစာမှတစ်ဆင့်မကူးစက်နိုင်သောကြောင့် ကိုဗစ်ပြန်လည်သက်သာလာသောသူနှင့် ထမင်းတစ်ဝိုင်းတည်း စားသောက်လို့ ရပါသည်။

🚩🚩🚩6. O သွေးတွေဟာ ကိုဗစ် ကူးစက်မှုရာခိုင်နှုန်း နည်းတယ်ဆိုတာ ဟုတ်ပါသလား ရှင့်?

ဖြေ - ကမ္ဘာပေါ်တွင် ကိုဗစ် စဖြစ်စဉ်ကာလများ၌ A သွေးအုပ်စုသည် ကိုဗစ်ကူးစက်နိုင်ခြေများပြီး O သွေးအုပ်စုများသည် ကိုဗစ်ကူးစက်နိုင်ခြေနည်းသည်ဟု ဆိုသော်လည်း ယခုနောက်ဆုံးတွေ့ရှိချက်များအရ ကိုဗစ်ကူးစက်နိုင်ခြေသည် #သွေးအုပ်စုနှင့်မသက်ဆိုင်ကြောင်းတွေ့ရှိရသည်။

🚩🚩🚩7. ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ထိ ရှိနိုင်တာလဲ? ဒီနေ့ဆို ဖြစ်တာ ၁၄ ရက် ရှိပေမဲ့ အသက်ရှူရတာ ပုံမှန်မဟုတ်သေးလို့ပါ။

ဖြေ -  ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တစ်ပတ်မှ အချို့ပြင်းထန်လျှင် ၂ ပတ်ထိ ကူးစက်နိုင်ပါတယ်။ အလွန်ပြင်းထန်သော လူနာများတွင် ရက်ပေါင်း ၂၀ ထိ ကူးစက်နိုင်ပါသည်။

- ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။

- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။

🚩🚩🚩8. မန္တလေးမှ နေပြည်တော်သို့ ပြန်လာရင် အိမ်တွင် သီးသန့် ဘယ်နှရက်ခွဲနေဖို့ လိုပါသလဲ ရှင်?

ဖြေ - 

👉 #ဓာတ်ခွဲစစ်ဆေးမှုလုပ်ရန်အဆင်ပြေပါက စစ်ဆေးပြီး positive ထွက်သည့်ရက်မှ အနည်းဆုံး ၁၀ ရက် သီးသန့်နေရန် လိုအပ်ပါသည်။

👉 #စစ်ဆေးရန်အဆင်မပြေပါက အိမ်တွင် သီးသန့် ၁၄ ရက်နေရန် လိုအပ်ပါသည်။

👉 #ရောဂါလက္ခဏာပေါ်လာပါက ရောဂါလက္ခဏာစပေါ်သည့်ရက်မှ ပြန်တွက်ပြီး  အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။

- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။

🚩🚩🚩9. ချောင်းဆိုး၊ နှာချေ၊ စကားပြောတာကနေပဲ ကူးစက်နိုင်တာလား? တခြား ဘယ်လိုအခြေနေတွေကရော ကူးစက်နိုင်ပါလဲဗျ?

ဖြေ - ကိုဗစ်သည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ သီချင်းဆိုခြင်း၊ စကားပြောခြင်းမှထွက်လာသော #အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ပါသည်။

- ထိုအမှုန်အမွှားများကျသွားသောမျက်နှာပြင်ကို #ကိုင်မိသောလက်ဖြင့် မိမိ၏ မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ထိမိရာမှလည်း ကူးစက်နိုင်ပါသည်။

- ရောဂါရှိသူနှင့် #အနီးကပ် ၆ ပေအတွင်း အတူရှိနေရာမှလည်း ကူးစက်နိုင်သည်။

- ထို့ကြောင့် maskတပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လူထူထပ်သော နေရာများ အလုံပိတ်သော အဆောက်အဦများကို တတ်နိုင်သမျှ ရှောင်ခြင်းတို့ဖြင့် ကိုဗစ်ကူးစက်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါသည်။

🚩🚩🚩10. ကျွန်မနဲ့ သမီးလေးက ၁ ရက်နေ့က စဖြစ်တာ ခု ၁၈ ရက် ရှိပါပြီ၊ သက်သာပျောက်ကင်းနေပါပြီ၊ ကျွန်မအမျိုးသားက ကျွန်မတို့ကိုလုပ်ပေးရင်း သူက ခု positive ပါ၊ သူ့ဆီက ကျွန်မတို့ ပြန်ကူးနိုင်လား ရှင့်? လုံးချာလိုက်ပြီး မပြီးတော့မှာ စိုးလို့ပါ၊ သမီးလေးပြန်ကူးမှာ စိုးလို့ပါ၊ သပ်သပ်လည်း ခွဲမနေကြတော့လေ။

ဖြေ - ပြန်လည်ကူးစက်သည့် ဖြစ်စဉ်များ ရှိသော်လည်း ရှားပါသည်။

- လူနာသည် မိမိတစ်ဦးတည်းနေရန် အဆင်ပြေပါက #သီးသန့်ခွဲနေရန် အကြံပြုလိုပါသည်။ အဆင်မပြေပါက ပြုစုမည့်သူရော လူနာရော mask တပ်ရန်၊ လူနာကိုပြုစုပြီးတိုင်း အရာဝတ္ထုများကို ကိုင်ပြီးတိုင်း လက်ဆေးရန်၊ အတတ်နိုင်ဆုံး ၆ ပေခွာနေရန်၊ အခန်းအား လေဝင်လေထွက်ကောင်းအောင်လုပ်ရန် လိုအပ်ပါသည်။

🚩🚩🚩11. တတိယလှိုင်းက အခုမှ အစလို့ ပြောကြတယ်၊ ခုအတိုင်းဆက်သွားရင် နောင် သုံးပတ်အတွင်း လူဦးရေထက်ဝက်၂၇ သန်းခန့် ကူးစက်ခံရနိုင်တယ်။ ၁၀.၁၅ သန်းခန့် သေဆုံးသွားနိုင်တယ်လို့ အေးရှားတိုင်း သတင်းစာကြီးက ဆိုတယ်လို့ ဖတ်ရပါတယ်။ ဖြစ်နိုင်ခြေ ရှိပါသလား?

ဖြေ - မြန်မာမှာ ဖြစ်နေသော Covid 19 က အယ်လ်ဖာ (Alpha) နဲ့ ဒယ်လ်တာ (Delta) ဆိုတဲ့ မျိုးစိတ်တွေပါ။ ဒယ်လ်တာ (Delta) မျိုးစိတ်ဟာဆိုရင် ကူးစက်မှုနှုန်းမြန်တဲ့ မျိုးစိတ်ကွဲတစ်ခုလည်း ဖြစ်တယ်။

- အခုအချိန်မှာဆိုရင် #ပိုးတွေ့နှုန်းဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး 100 စစ်ရင် 37 ယောက်တွေ့တဲ့ အခြေအနေကို ရောက်ရှိလာတယ်။

- #သေဆုံးမှုနှုန်းအရ ပြောမယ်ဆိုရင်လည်း ရောဂါဖြစ်ပွားတဲ့ လူအရေအတွက်ရဲ့ 2.2 ရာခိုင်နှုန်းဟာ သေဆုံးနေတယ်လို့ ပြောလို့ရတယ်။ [စာရင်းများ အရ။ ပိုးမစစ်လိုက်ပဲ Covid သံသယနဲ့ သေဆုံးတဲ့ အရေအတွက်ကိုပါ ထည့်တွက်မယ်ဆို ပိုများလာနိုင်တယ်] သေဆုံးမှုဟာ အခုဆိုရင် တစ်နေ့ကို 280 လောက်ထိ သေဆုံးနေတယ်လို့ စာရင်းရှိ ဖော်ပြကြတယ်။ [စာရင်း မပါတာ မပါ]။

- သန်း 50 မှာ ကာကွယ်ဆေးထိုးထားတဲ့ အရေအတွက် first dose ရော second dose ရော ရတာက 1.2 သန်းလောက်ပဲ ရှိသေးတယ်။ coverage က #နည်းတယ် ပြောရမယ်။ 

- တကယ်က ဒီလိုအခြေအနေမှာ ကူးစက်မှု ကွင်းဆက်ကို ဖြတ်ရမယ့် ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ရမယ်။ လက်ဆေး၊ Mask တပ်၊ ခပ်ခွာခွာနေခြင်း၊ သီးသန့်ခွဲနေခြင်း အစရှိတာတွေကို သေချာလုပ်ရမယ်။

- ဒါပေမယ့် အခုအခြေအနေမှာက အဲ့လို လုပ်နေကြတာ မရှိဘူး။ Oxygen တန်းစီတဲ့ နေရာတွေမှာ ဆိုရင်လည်း Mask ကို #မေးချိတ်ထားတယ်။ အဲ့တော့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်နှုန်းက ရှိနေမှာပဲ။ ကူးစက်နှုန်းလည်း မြင့်လာမှာပဲ။

- သုံးပတ်အတွင်း 27 သန်းကူးဖို့၊ ကူးတဲ့ထဲက တစ်ဝက်သေဖို့ ဆိုတာကတော့ 'သုံးပတ်အတွင်း' ဆိုတဲ့စကားလုံးကတော့ နည်းနည်းစဥ်းစားစရာ ဖြစ်ပါတယ်။ [မြန်မာရဲ့ လက်ရှိ စာရင်း အရကတော့] ဘယ်လိုပဲ ဖြစ်ဖြစ် အခုအချိန်မှာ ကာကွယ်ရေးပစ္စည်း မလုံလောက်တာ၊ လူအင်အား မလုံလောက်တာ၊ ကျန်းမာရေး ကာကွယ်မှုလုပ်ငန်းတွေ၊ ကုသမှုလုပ်ငန်းတွေ အဆင်မပြေဖြစ်နေတာက သက်ရောက်မှု #အကြီးကြီးနဲ့ကိုရိုက်ခတ်နိုင်ပါတယ်။ 🚨🚨🚨

🚩🚩🚩12. မင်္ဂလာပါ၊ ကာကွယ်ဆေး ထိုးထားသူများ ပိုး ကူးစက်နေပါတယ်၊ ဒါလေး ပြောပြပါ။

ဖြေ - မည်သည့်ကာကွယ်ဆေးမှ ၁၀၀% ကာကွယ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ကိုဗစ်ပြန်လည်ကူးစက်နိုင်ပါသည်။

- သို့သော် ကာကွယ်ဆေးထိုးထားသူများတွင် ပြင်းထန်ကိုဗစ်ဖြစ်နိုင်မှု အလွန်နည်းပါသည်။ အများအားဖြင့် သာမန်ရောဂါလက္ခဏာများသာ ခံစားရတတ်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးနှုံပြီးလျှင်လည်း mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေခွာနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ပါသည်။

🚩🚩🚩13. အပြင်ထွက်ရင် mask 2 ထပ်တပ်ပြီး face shield နဲ့ cap ဆောင်းပါတယ် ပူပြီး ချွေးထွက်တဲ့အခါ နဖူးကချွေး မျက်လုံး၊ ပါးစပ်ထဲ တစ်ခါတစ်ရံ ဝင်ပါတယ် Positive သမားနဲ့ ထိတွေ့မှုရှိလျှင် ကူးစက်နိုင်ပါသလား ရှင့်?

ဖြေ - ကိုဗစ်ပိုးသည် #ချွေးမှတစ်ဆင့် မကူးစက်နိုင်ကြောင်းတွေ့ရှိရသည်။ 

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...